သီချင်းသစ်

January 19, 2021

ဟဲလေးနှင့် Project K အဖွဲ့ သီချင်းသစ်-“ဆော်နဲ့ပြတ်သွားတယ်” ထွက်ရှိမည်

ပရိသတ်အချစ်တော် နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ ဟဲလေးနဲ့ Project K အဖွဲ့တို့ သီဆိုထားကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာဖို့ ရှိနေပါတယ်။ “ဆော်နဲ့ပြတ်သွားတယ်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဟဲလေးနဲ့အတူ Project K အဖွဲ့ထဲက မင်းခန့်ဟိန်းတို့က အတူရေးဖွဲ့ထားခဲ့ကြတာဖြစ်ပါတယ်။ ခပ်မြူးမြူး သီချင်းဖန်တီးမှုတွေ ဖန်တီးသီဆိုလေ့ရှိတဲ့ ဟဲလေးဟာ ဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ ဖြတ်သန်းခဲ့ပြီးဖြစ်ကာ အောင်မြင်တဲ့ တကိုယ်တော် တေးအယ်လ်ဘမ် တွေ၊ အတွဲတေးအဘ်လ်ဘမ်တွေများစွာမှာ ပါဝင်သီဆိုခဲ့သူ ဖြစ်ပါတယ်။ “မင်းမသိတဲ့အချစ်” ၊ “အချစ်ပျောက်သွားသူ” တကိုယ်တော် တေးအယ်လ်ဘမ် တွေကစလို့ နောက်ပိုင်း အဆိုတော်ပေါင်းများစွာနဲ့ တွဲဖက်သီဆိုခဲ့တဲ့ “ရင်ခုန်နှုန်း ၁၄” ၊ “နေရာအနှံ့”၊ “ဝါရင့်သမ္ဘာရင့်”၊ “ချောကလက်မှိုတက်ညိုပြာညက်”၊ “ဒယ်ဒီဟဲလေး” စတဲ့ တေးအယ်လ်ဘမ်တွေ ဟာလည်း ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့ တဲ့ တေးအယ်လ် ဘမ်တွေ ဖြစ်ခဲ့တာပါ။ သူ့သီချင်းတွေထဲက မြူးကြွတဲ့ သင်္ကြန်သီချင်းတွေဟာလည်း ထင်ရှားသလို ဆန်းသစ်တဲ့ စကားလုံးတွေနဲ့ ခေတ်ကိုထင်ဟပ်စေတဲ့ ရေးဖွဲ့မှုတွေနဲ့ သီချင်းတွေကလည်း ရေ ပန်းစားသီချင်းတွေ ဖြစ်နေခဲ့တာပါ။ မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့က တော့ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှု တွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။ နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ များစွာမှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ သူတို့အဖွဲ့ဟာ အာရှဒေသတွင်း Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေခဲ့ကြပါသေးတယ်။ ခုတခါမှာတော့ ဟဲလေးနဲ့ Project K အဖွဲ့ ဘယ်လိုထူးခြားတဲ့ ပေါင်းစပ်ဖန်တီးမှု တွေနဲ့ ထွက်ရှိလာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီသီချင်းမြူးဇစ်ဗီဒီယိုကိုတော့ V7 Entertainment က လာမယ့် ဇန်နဝါရီ ၂၃ ရက်နေ့မှာ တင်ဆက်ပေးသွားမယ်လို့ ကြေညာထားပါတယ်။
5 months Ago

October 2, 2020

နာရီပိုင်းအတွင်း ယူကျုဘ်ပေါ်ကြည့်ရှုသူသန်း ၂၀ ကျော်သွားသည့် BLACKPINK သီချင်းသစ် (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

နာမည်ကြီး အမျိုးသမီးကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ရဲ့ သီချင်းတပုဒ် ထပ်မံထွက်ရှိလာခဲ့ပြီး ဒီသီချင်းမြူးဇစ်ဗီဒီယိုကို ယူကျုဘ်ပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ သန်း ၂၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ‘Lovesick Girls’ အမည်ရတဲ့ ဒီသီချင်းကတော့ BLACKPINK အဖွဲ့ရဲ့ ဒီကနေ့မှာ ထွက်ရှိတဲ့ ကိုရီးယားဘာသာနဲ့ ပထမဆုံးတေးအယ်လ်ဘမ် ‘The Album’ ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲက ‘How You Like That’ သီချင်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ကနဦးဖြန့်ချိခဲ့ပြီး ယူကျုဘ်မှာ ၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံး Most viewed YouTube video in the first 24 hours ၊ Most viewed Music Video on YouTube in the first 24 hours ၊ – Most viewed YouTube Music Video in fist 24 hours by a K-pop group စတဲ့ မှတ်တမ်း ၃ ခုအပြင် Most viewers for the premiere of a video on YouTube နဲ့ Most viewers for the premiere of a music video on YouTube  နဲ့ ဂရင်းနစ်စံချိန် ၅ ခုတင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့  ပေါ့ပ်စတားတေးသံရှင် ဆလီနာဂိုးမက်ဇ်နဲ့ BLACKPINK အ ဖွဲ့ အတူသီဆိုထားကြတဲ့ သီချင်းသစ် ‘Ice Cream’ ကို ဖြန့်ချိခဲ့ကာ အဲဒီသီချင်းဟာလည်း ပရိသတ်တွေကို  ဆွဲဆောင်ထားခဲ့ပြီး အောင်မြင်မှုရတဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ တချိန်က နာမည်ကြီး အမျိုးသမီးကေပေါ့ပ်အဖွဲ့တဖွဲ့ဖြစ်တဲ့ 2NE1 နဲ့ Big Bang အ ဖွဲ့တွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ YG Entertainment ကနေ ၂၀၁၆ ခုနှစ်မှာ စတင် ဖွဲ့စည်းပေးခဲ့တဲ့ BLACKPINK အဖွဲ့မှာ Jisoo ၊ Jennie ၊ Rosé နဲ့ Lisa အဖွဲ့ဝင် ၄ ယောက် ပါဝင်ပါတယ်။ ‘Square One’ တေးအယ်လ်ဘမ်နဲ့ ပွဲဦးထွက်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ ‘Boombayah’ နဲ့ ‘Whistle’ သီချင်းတွေကတော့ BKACKPINK ရယ်လို့ အသိအမှတ်ပြုသွားစေခဲ့ရတဲ့ သီချင်းတွေ ဖြစ်လာခဲ့တာပါ။   နောက်ပိုင်းမှာတော့ နိုင်ငံတကာ နယ်လှည့်ဖျော်ဖြေပွဲတွေအထိ ခြေဆံ့နိုင်လာခဲ့ပြီး ‘Ddu-Du Ddu-Du’ ၊ ‘Kill This Love’ သီချင်းတွေကတော့ ရေပန်းစားအောင်မြင်တဲ့ သီချင်းတွေ ဖြစ်ပါတယ်။ သိပ်မကြာခင်ကတော့ နာမည်ကြီး အဆိုတော် လေဒီဂါဂါရဲ့ နောက်ဆုံးထွက် တေး အယ်လ်ဘမ်ထဲမှာ တွဲဖက်သီဆိုထားခဲ့တဲ့ ‘Sour Candy’ သီချင်း ထွက်ရှိထားခဲ့ပါသေးတယ်။ နာမည်ကြီး မဂ္ဂဇင်းတွေဖြစ်တဲ့ တိုင်းမ်မဂ္ဂဇင်းနဲ့ ဖို့ဘ်မဂ္ဂဇင်းတွေကတော့ BKACKPINK အဖွဲ့ကို ထွန်းတောက်လာမယ့် ကြယ်ပွင့်နဲ့ ကိုရီးယားနိုင်ငံရဲ့ လွှမ်းမိုးမှုအရှိဆုံး ကျော်ကြားသူတွေအဖြစ် ရွေးချယ်ဖော်ပြခဲ့ကြဖူးပါတယ်။ လတ်တလောမှာတော့ သူတို့အဖွဲ့ဟာ Billboard's Emerging Artists စာရင်းထဲ ပါဝင်လာခဲ့တဲ့ ပထမဆုံးအမျိုးသမီးကေပေါ့ပ်အဖွဲ့တဖွဲ့ဖြစ်လာခဲ့ပြီဖြစ်ကာ Asia Artist Awards၊ BreakTudo Awards၊ E! People's Choice Awards၊ Gaon Chart Music Awards ဆုတွေအပါအဝင် ဆုပေါင်းများစွာ ရရှိထားခဲ့တဲ့ ကေပေါ့ပ်အနုပညာရှင်တွေ ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။ ခုနောက်ဆုံးထွက်ရှိလာတဲ့ BLACKPINK အဖွဲ့ရဲ့  ‘Lovesick Girls’ သီချင်းသစ်ထဲ မှာလည်း ထုံးစံအတိုင်း အဖွဲ့ဝင်တွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံ၊ အမိုက်စား ကကွက်တွေ၊ ဆန်းပြားတဲ့ အလန်းစားဖက်ရှင်တွေကိုပါ ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။ The Album တေးအယ်လ်ဘမ်ထဲမှာတော့ ‘How You Like That’၊ ‘Ice Cream’၊ ‘Lovesick Girls’ သီချင်းတွေအပါအဝင် သီချင်းစုစုပေါင်း ၈ ပုဒ်တိတိ ပါဝင်တာ ဖြစ်ပါ တယ်။
9 months Ago
More News
Up