သိုးမွေးကုတ်အင်္ကျီ အလျော်မပေးသည့် ပင်မင်းဆိုင်ကို အုပ်စုဖွဲ့ တိုက်ခိုက်ဖျက်ဆီး

December 31, 2016

သိုးမွေးကုတ်အင်္ကျီ အလျော်မပေးသည့် ပင်မင်းဆိုင်ကို အုပ်စုဖွဲ့ တိုက်ခိုက်ဖျက်ဆီး (ရုပ်သံ)

တရုတ်နိုင်ငံမှ အမျိုးသားတဦးဟာ သူ့ရဲ့ သိုးမွေးရင်ကွဲအင်္ကျီ ပျက်စီးသွားတာကို အလျော်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ပင်မင်းဆိုင်တဆိုင်ကို အပေါင်းပါတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့က စီချွမ်ခရိုင်၊ ဒေးယန်မြို့မှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီအမျိုးသားဟာ ပင်မင်းဆိုင်မှာ သူ့ရဲ့ Louis Vuitton အမျိုးအစား သိုးမွေးကုတ်အင်္ကျီကို လျှော်ဖို့ အပ်ခဲ့တာဖြစ်ပြီး ပြန်လည်ရွေးယူချိန်မှာ ပျက်စီးခဲ့တဲ့အတွက် စိတ်ဆိုးဒေါသထွက်ပြီး အလျော်တောင်းခဲ့တာပါ။ ဒါပေမယ့် ပင်မင်းဆိုင်က လျော်ကြေးပေးဖို့ ငြင်းပယ်ခဲ့တဲ့အတွက် သူ့ရဲ့အပေါင်းပါ ၄ ဦးကို ခေါ်ပြီး ဆိုင်ကို ရိုက်ချိုးဖျက်ဆီးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့ ၅ ဦးဟာ အနက်ရောင်မျက်နှာဖုံးတွေကိုစွပ်ကာ အနက်ရောင်ကားတစီးနဲ့ တုတ်တွေကို ကိုင်ဆောင်ပြီး ရောက်လာခဲ့ကြတာပါ။ အဲဒီနောက် ဆိုင်ရှေ့မှန်တံခါးကို တုတ်တွေနဲ့ ရိုက်ခွဲဖျက်ဆီး ဝင်ရောက်ခဲ့ကြပြီး ဆိုင်အတွင်းကောင်တာတွေ၊ အဝတ်အထည်တွေကို ဖျက်ဆီးခဲ့ပြီးနောက်မှာ ဆိုင်ထဲကနေ ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ ပင်မင်းဆိုင်ဝန်ထမ်းတွေဟာ ရဲတွေကို အချိန်မီ အကြောင်းကြားခဲ့ပြီး သူတို့ဟာ မကြာသေးခင်ကမှ ယန်လို့အမည်ရတဲ့ အမျိုးသားဖောက်သည်တဦးနဲ့ အချေအတင်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဖောက်သည်အမျိုးသားရဲ့ Louis Vuitton အမျိုးအစား သိုးမွေးကုတ်အင်္ကျီကြောင့် အချေအတင် ဖြစ်ခဲ့ရတယ်လို့ ရဲတွေကိုပြောပေမယ့် ဘာတွေပျက်စီးသွားတယ်ဆိုတာနဲ့ အင်္ကျီရဲ့တန်ဖိုး ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ အဲဒီလိုဖြစ်ပြီး နောက်တနေ့မှာတော့ ရဲတွေဟာ သံသယရှိသူ ၅ ဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up