သိသာတဲ့ အပြောင်းအလဲဖြစ်ဖို့ ဘာတွေလုပ်ရမလဲ...

A d v e r t i s e m e n t With Us

March 10, 2016

သိသာတဲ့ အပြောင်းအလဲဖြစ်ဖို့ ဘာတွေလုပ်ရမလဲ...

မတ်လ ၁ ရက် အင်္ဂါနေ့ည ၉ နာရီခန့်က ဗွီအိုအေမြန်မာပိုင်းအစီအစဉ်မှ ဦးကျော်ဇံသာက ဖုန်းဆက်ကာ “မြန်မာနိုင်ငံမှာ အစိုးရအာဏာ အလွှဲအပြောင်း မကြာခင်ဖြစ်လာတော့မယ့် အကြောင်း၊ အာဏာမလွှဲခင်မှာ အမြီးနှုတ် ခေါင်းနှုတ်ခံနေရတဲ့အတွက် တကယ်လွှဲပြောင်းလာတဲ့ အခါ ဘာများကျန်တော့မှာလဲ၊ ချောချောမွေ့မွေ့ကော ဖြစ်နိုင်ပါ့မလား” ဆိုသည်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သည့် ကျနော့်အား ရေဒီယိုအင်တာဗျူး- အမေး/ အဖြေ အစီအစဉ်တခု လုပ်လိုကြောင်း ပြောကြားလာပါသည်။ မကြာမီ ဖုန်းမှတဆင့် ဦးကျော်ဇံသာနှင့် အင်တာဗျူး အစီအစဉ် စတင်ခဲ့ပါသည်။  ထိုအစီအစဉ်တွင် ပါဝင်သည့် နောက်တယောက်မှာ ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ဖြစ်ပါသည်။ (အသေးစိတ်ကို VOA Fan page တွင် ဖတ်ရှုနိုင်ပါသည်။) ထိုညက အစီအစဉ်တွင် ကျနော်က “နောက်တက်လာမယ့် အစိုးရသစ်အနေနဲ့ ပြည်သူတွေ မျှော်လင့်ထားသလို မြန်မြန်ဆန်ဆန်ကြီး အပြောင်းအလဲတွေ လုပ်နိုင်မှာတော့ မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အလွယ်တကူ အပြောင်းအလဲလုပ်လို့ ရနိုင်မှာ မဟုတ်သေးဘူး။ သို့သော်လည်း အခြေခံဥပဒေက ပေးထားတဲ့ ဘောင်အတွင်းမှာ မြို့နယ်နဲ့ ခရိုင်အဆင့် အုပ်ချုပ်ရေးတွေကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကနေ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အောက်ကို ရောက်ရှိအောင် လုပ်နိုင်တယ်” ဟု ပြောခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ယခုဆောင်းပါးတွင် သိသာသော အပြောင်းအလဲများဖြစ်စေရန် အစိုးရသစ်က ဆောင်ရွက်သင့်သည့် ကိစ္စများကို ဆွေးနွေးလိုပါသည်။ အန်အယ်လ်ဒီပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် “ပြောင်းလဲချိန်တန်ပြီ” ဆိုသော ကြွေးကြော်သံဖြင့် တောင်ပြိုကမ်းပြို အနိုင်ရလိုက်ရာ ပြည်သူလူထု၏ အပြောင်းအလဲကို မျှော်လင့်တောင့်တစိတ် ကြီးမားပုံကို ခန့်မှန်း၍ ရနိုင်ပါသည်။ သို့ဖြစ်လျှင် အစိုးရသစ် တက်လာပြီးပါက မည်သည့်ကိစ္စများကို ဆောင်ရွက်ခြင်းက သိသာသော အပြောင်းအလဲများ ဖြစ်ပေါ်စေမည် ဆိုသည်နှင့် ပတ်သက်၍ ကျနော့်အမြင်ကို ဆွေးနွေးပါမည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ပြည်သူအများစုက ရွေးချယ်ထားခြင်းမဟုတ်သော အာဏာရှင် အုပ်ချုပ်ရေးစနစ်အောက်တွင် နေထိုင်ခဲ့ကြရသည်။ ပြည်သူအများစု၏စိတ်တွင် အစိုးရဆိုသည်မှာ မိမိတို့နှင့် နေ့စဉ်ထိတွေ့ ဆက်ဆံနေရသော အစိုးရဌာနဆိုင်ရာများပင်ဖြစ်ပြီး အများဆုံး ဆက်ဆံရသည်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပင် ဖြစ်သည်။ ထိုဌာနဆိုင်ရာများက ပြည်သူများအပေါ် ထားရှိသည့် သဘောထားနှင့် ဆောင်ရွက်ပုံ မပြောင်းလဲသ၍ အပြောင်းအလဲဖြစ်ပြီဟု ပြည်သူများက ခံစားရမည် မဟုတ်ပါချေ။ အောက်ခြေ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်ပြီး တာဝန်ပေး ဆောင်ရွက်စေရမည်ဟု အခြေခံဥပဒေပုဒ်မ ၂၈၉ က ဆိုထားသဖြင့် ပထမအကြိမ်လွှတ်တော် အစပိုင်းကာလက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဥပဒေကို ရေးဆွဲပြဋ္ဌာန်းကာ ပြည်သူများ၏ မဲဆန္ဒဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ရွေးချယ်နိုင်ခဲ့ကြသည်။ သို့သော်လည်း လုပ်ပိုင်ခွင့်အာဏာ ပိုမိုများပြားသော မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ကား အခြေခံဥပဒေပုဒ်မ ၂၈၈ က “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်။” ဟု ဆိုထားရာ ထိရောက်သည့် ဒီမိုကရေစီ စံချိန်စံနှုန်း မရှိဟုသာ ပြောရပါလိမ့်မည်။ ဒီမိုကရေစီဆိုသည်၏ အခြေခံအဓိပ္ပာယ်မှာ ပြည်သူကိုယ်စား အများဆန္ဒဖြင့် အုပ်ချုပ်ခြင်းဖြစ်လေရာ မိမိတို့ကို အုပ်ချုပ်စီမံခန့်ခွဲသော ပုဂ္ဂိုလ်များကို အများဆန္ဒဖြင့် ရွေးချယ်ခွင့်ရရေး၊ ဥပဒေနှင့်အညီ တရားမျှတစွာ မအုပ်ချုပ်လျှင်သော်လည်းကောင်း၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားလျှင်သော်လည်းကောင်း တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိရေး စသည်တို့မှာ အလွန်အရေးကြီးပြီး ဒီမိုကရေစီကို အာမခံသည့် အချက်များ ဖြစ်ပါသည်။ ခရိုင်အဆင့် မြို့နယ်အဆင့်များသည် ပြည်သူတို့၏ အရွေးချယ်ခံ မဟုတ်သည့်အပြင် ၎င်းတို့ကို ထိပ်ဆုံးမှ တာဝန်ယူသော ပုဂ္ဂိုလ်မှာလည်း ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းခန့်အပ်သော တပ်မတော်သား ပြည်ထဲရေးဝန်ကြီး ဖြစ်နေလေရာ ကျနော်တို့မှာ စစ်သားအုပ်ချုပ်ရေးဘောင်အတွင်းမှ ယခုတိုင် မလွတ်မြောက်သေးဟု ဆိုရမည်သာ ဖြစ်ပေသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးတာဝန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသည် အခြေခံပြည်သူလူထုနှင့် အထိတွေ့ အဆက်ဆံရဆုံးဌာန ဖြစ်သည်။ မြို့နယ်၏ မြေယာစီမံခန့်ခွဲခြင်း ကိစ္စရပ်များမှသည် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအဆုံး စီမံခန့်ခွဲရသည်ဖြစ်ရာ ထိုဌာနက ပြည်သူလူထုအပေါ် ဆက်ဆံပုံ သဘောထား မပြောင်းလဲသ၍ ပြည်သူလူထုက ပြောင်းလဲမှုကို ခံစားရမည် မဟုတ်ချေ။ ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်ကာလက အသိမ်းဆည်းခံ မြေယာပိုင်ရှင်များ မနစ်နာစေရေးအတွက် လွှတ်တော်က ကော်မရှင်ဖွဲ့ကာ စုံစမ်းစစ်ဆေးမှု ပြုပေးခဲ့သော်လည်း အောက်ခြေမြို့နယ် မြေယာစီမံခန့်ခွဲမှု ကော်မတီက နစ်နာသော ပြည်သူများဘက်မှ မရပ်တည်ခဲ့သဖြင့် အမှုကိစ္စ အတော်များများမှာ ပြေလည်မှု မရခဲ့ခြင်းကို ထောက်ရှု၍ ဤဌာန၏ အရေးပါပုံကို မှန်းဆနိုင်ပါသည်။ ထိုသို့သောအခြေအနေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၈ ကို သင့်လျော်စွာ ပြင်ဆင်ပြီး မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး (သို့မဟုတ်) မြို့ဝန်များ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းလျက် မြို့နယ်အုပ်ချုပ်ရေးမှူးများ (သို့မဟုတ်) မြို့ဝန်များကို အများဆန္ဒဖြင့် ရွေးကောက်တင်မြှောက် ခန့်ထားခြင်းက အပြောင်းအလဲကို သိသာထင်ရှား စေပါလိမ့်မည်။ မြို့နယ်တွင်း စည်ပင်အခွန်ကောက်ခံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေးတို့ကို တာဝန်ယူ ဆောင်ရွက်ရသော မြို့နယ်စည်ပင်သာယာရေးဌာနကိုလည်း အဆိုပါ အရွေးကောက်ခံ မြို့ဝန်၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိလိုက်ပါက ယခုထက် ပိုမိုထိရောက်အောင်မြင်မည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ရာ တပ်မတော်မှ သဘောပေါက်လက်ခံခြင်း မရှိလျှင် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။ အခြေခံဥပဒေပုဒ်မ ၂၈၈ ကို ပြင်ဆင်ရေးမှာ တပ်မတော်၏ ထောက်ခံမှု လိုသဖြင့် မပြင်ဆင်နိုင်လျှင်လည်း ထိုအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ အုပ်ချုပ်မှုအောက်သို့ ပြောင်းရွှေ့သင့်ပေသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများသည် ကိုယ်တိုင် အရွေးချယ်ခံပုဂ္ဂိုလ်များ မဟုတ်ကြသော်လည်း အရွေးချယ်ခံ ပုဂ္ဂိုလ်များ၏ တာဝန်ခံမှု အောက်သို့ ရောက်ရှိလာမည်ဖြစ်သဖြင့် ယခင်ကာလများထက်ပို၍ ပြည်သူကို အလေးထားလာရန် ကြီးကြပ်နိုင်ပေလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ညီညွတ်သဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန်မလိုချေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၂၆၀ တွင် “ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ရုံးလည်း ဖြစ်သည်။” ဟု ဆိုထားပြီး အခြေခံဥပဒေ၏ မည်သည့်နေရာတွင်မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးအမှူးသည် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးကို တာဝန်ခံရမည် သို့မဟုတ် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည်ဟု ဆိုမထားချေ။ သို့ဖြစ်ရာ အောက်ခြေရှိ အထွေထွေအုပ်ချုပ်ရေးဌာနဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် ဝန်ထမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရကသာ တာဝန်ခံရမည်မှာ ထင်ရှားပေသည်။ မြို့နယ်စည်ပင်သာယာရေးကိစ္စများနှင့် ပတ်သက်သည့် ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များကို အခြေခံဥပဒေ ဇယား(၂) ပါအရ ပြည်ထောင်စုအစိုးရက မကိုင်တွယ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ လွှဲအပ်ထားပြီး ဖြစ်ပေသည်။ ဤသို့လုပ်ဆောင်နိုင်ခဲ့ကြလျှင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ အရေးကြီးသည့် အစိတ်အပိုင်းကို တိုင်းဒေသကြီးများနှင့် ပြည်နယ်အစိုးရများသို့ ခွဲဝေပေးရာလည်း ရောက်သဖြင့် ဗဟိုချုပ်ကိုင်မှုများစွာ လျော့ကျသွားပေလိမ့်မည်။ ယခုတဖန်ဆက်လက်၍ ဗွီအိုအေနှင့် အင်တာဗျူးသည့်ညက ဦးဖေသန်း ဆွေးနွေးခဲ့သော “တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ခန့်အပ်ခွင့်မရှိခြင်းနှင့် ပတ်သက်၍ ဆွေးနွေးလိုပါသည်။ အခြေခံဥပဒေပုဒ်မ ၂၆၁ ပါ ပြဋ္ဌာန်းချက်များအရ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်ခွင့်မရဘဲ နိုင်ငံတော်သမ္မတကသာ ရွေးချယ် အမည်စာရင်း တင်သွင်းခွင့်ရှိခြင်း၊ သက်ဆိုင်ရာလွှတ်တော်ကလည်း ဝန်ကြီးချုပ်လောင်းသည် သတ်မှတ်ထားသော အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ကန့်ကွက်ခွင့်မရှိဟု ဆိုထားရာ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်သည် ဝန်ကြီးချုပ်ခန့်ထားရေးနှင့် ပတ်သက်၍ မိမိဘာသာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် မရှိဟု ဆိုရမည်သာ ဖြစ်ပေသည်။ ထိုအချက်နှင့်ပတ်သက်၍ ရွေးကောက်ပွဲမတိုင်မီကာလက ကျနော့်အတွေးအမြင်ကို သတင်း မီဒီယာများမှတဆင့် ပြောပြထားချက်တခု ရှိပါသည်။ ထိုအချက်မှာ ပြည်နယ်များတွင်ရှိသည့် လွှတ်တော်များတွင် တိုင်းရင်းသားပါတီတခုခုက အမတ်နေရာ ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားခဲ့လျှင် သမ္မတသည် ဝန်ကြီးချုပ် ရွေးချယ်ခန့်ထားရေးကိစ္စနှင့် ပတ်သက်၍ ထိုပါတီနှင့် မုချ တိုင်ပင်ရလိမ့်မည်။ ထိုသို့မတိုင်ပင်ဘဲ ဝန်ကြီးချုပ်တယောက် ရွေးချယ်ကာ သက်ဆိုင်ရာ ပြည်နယ်အစိုးရကို ဖွဲ့စည်းခဲ့ပါက အစိုးရအဖွဲ့ ဖွဲ့စည်းရေးတွင် ကန့်ကွက်ပိုင်ခွင့်မရှိသည့် တိုင်းရင်းသားပါတီ ထိန်းချုပ်ထားသော ပြည်နယ်လွှတ်တော်သည် ဥပဒေပြုရေးတွင် အနှောင့်အယှက်ပေးနိုင်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များသည် အနည်းဆုံး တနှစ်လျှင်တကြိမ် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းပေးရမည်ဖြစ်ပေရာ ဝန်ကြီးချုပ်ရွေးချယ်မှု မကျေနပ်ချက်ကို အကြောင်းပြု၍ ဘတ်ဂျက်ဥပဒေကို ပယ်ချယ်ခြင်း၊ ကန့်ကွက်ခြင်း ပြုနိုင်ကြောင်း၊ ထိုအချက်ကို ကြိုတင်တွက်ဆနိုင်သော သမ္မတသည် ဝန်ကြီးချုပ်ရွေးချယ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော်တွင်း အနိုင်ရပါတီနှင့် မုချတိုင်ပင် ဆွေးနွေးရမည်ဖြစ်ကြောင်း ရှင်းပြခဲ့ဖူးပါသည်။ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် မည်သည့်တိုင်းရင်းသားပါတီမျှ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွင် အများစု အမတ်ဦးရေ မနိုင်ခဲ့ပါ။ အားအကောင်းဆုံး ANP ရခိုင်အမျိုးသားပါတီက အမတ်အများဆုံး အနိုင်ရသည်ဆိုသော်လည်း လွှတ်တော်တွင်း နေရာအားလုံး၏ ၅၀ ရာခိုင်နှုန်း မကျော်သဖြင့် အထက်ကပြောခဲ့သည့် ဘတ်ဂျက်အတည်မပြုရေး ဆောင်ရွက်မည်ဆိုလျှင် သူ့ပါတီတခုတည်းဖြင့် ဆောင်ရွက်နိုင်မည့် အနေအထား မရှိပါချေ။ သို့ဖြစ်ရာ ဝန်ကြီးချုပ်ရွေးချယ်ခြင်း ကိစ္စတွင်လည်း သမ္မတ၏ ဆုံးဖြတ်ပိုင်ခွင့်ကို စိန်ခေါ်နိုင်မည့် အနေအထား မရှိပေ။ မည်သို့ပင်ဆိုစေကာမူ တပြည်လုံးအနိုင်ရ နိုင်ငံရေးပါတီက ပြည်သူလူထုကို အမှန်တကယ် အလုပ်အကျွေးပြုမည့် ဝန်ကြီးချုပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခန့်ထားကာ အရည်အချင်းရှိသည့် အစိုးရအဖွဲ့များ ဖွဲ့စည်းပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုလည်း ပြည်သူများ အကျိုးစီးပွားသို့ မျက်နှာမူလာသော ဌာနတခုဖြစ်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါလျှင် သိသာထင်ရှားသော အပြောင်းအလဲများ ပေါ်ပေါက်လာမည် မုချဖြစ်ပါသည်။ ရဲထွန်း (သီပေါ)
5 years Ago
Up