သိမ်ဖြူလမ်း စာအုပ်တန်း ရောင်းအား

February 5, 2018

သိမ်ဖြူလမ်း စာအုပ်တန်း ရောင်းအား သိသိသာသာ ကျဆင်းလာနေ

ရန်ကုန်မြို့ သိမ်ဖြူလမ်းမကြီးပေါ်မှာ ဖွင့်လှစ်နေတဲ့ စာအုပ်တန်းမှာ ရောင်းအား သိသိသာသာကျနေလို့ ဆိုင်တော်တော်များများ မဖွင့်ကြတော့ဘူးလို့ စာအုပ်ဆိုင်ရှင်တွေက ပြောပါတယ်။ ရန်ကုန်စာအုပ်လမ်းကို သိမ်ဖြူလမ်းပေါ်က ဝန်ကြီးများရုံးဟောင်းရှေ့နဲ့ ဗဟိုပုံနှိပ်စက်ရုံရှေ့၊ အနော်ရထာလမ်းမပေါ်တွေမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း ဖွင့်နေတာပါ။ ကွာလတီစာအုပ်တိုက်ပိုင်ရှင် ဦးမြင့်ထွန်းက “ရောင်းအားက သုံးပုံတပုံလောက်ပဲ ရှိတော့တယ်။ မနှစ်က ၃ သိန်း ရောင်းရရင် ဒီနှစ်မှာ ၁ သိန်းဖိုးပဲ ရောင်းရတာပေါ့။ အပတ်တိုင်းမှာ စာပေနဲ့ပတ်သက်တဲ့ တခြားပွဲတွေ ရှိနေတယ်လေ။ စာအုပ်လမ်းအကြောင်းကို လူသိအောင်လုပ်တာ နည်းလို့ပေါ့” လို့ ပြောပါတယ်။ မနှစ်ကနဲ့ ဒီနှစ် ပြန်ဖွင့်စမှာ စာအုပ်ဆိုင်ပေါင်း ၁၇၀ ကျော်ရှိခဲ့ပေမယ့် အခုတော့ ၁၀၀ ဝန်းကျင်ပဲ ရှိတော့သလို ဗဟိုပုံနှိပ်စက်ရုံရှေ့မှာဆိုရင် ဆိုင်တွေ မရှိသလောက် ဖြစ်နေတာကို တွေ့ရပါတယ်။ စာအုပ်လမ်းမှာ စာအုပ်သစ်ဖြန့်ချိတဲ့ စာအုပ်တိုက်တွေရော၊ အဟောင်းရောင်းသူတွေပါ ရောင်းချနေတာပါ။ ဆိုင်ခန်းတနေရာအတွက် ပြီးခဲ့တဲ့နှစ်က တရက်ကို  ၆ ထောင်ကျပ်ပေးရပြီး ဒီနှစ်မှာတော့ တရက်ကို ၇ ထောင်ကျပ်ပေးရတယ်လို့ ရောင်းချသူတွေက ဆိုပါတယ်။ စာအုပ်ဟောင်း ရောင်းချသူတယောက်က “ဆိုင်ခန်းခကို တလစာ ကြိုသွင်းရတာ။ တရက် ရောင်းရငွေက ၁ သောင်းကျော် ၂ သောင်းလောက်ပဲ ရှိတယ်။ သယ်ယူစရိတ်၊ ဝန်ထမ်းစရိတ်တွေနဲ့ မကိုက်တော့ဘူးလေ။ စာအုပ်တန်းကို လူစိတ်ဝင်စားလာအောင် လုပ်ပေးတာတွေ မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရန်ကုန် စာအုပ်လမ်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး ဧပြီလမှာ ယာယီရပ်နားခဲ့ပါတယ်။ ပြီးတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ ပြန်ဖွင့်ခဲ့တာ အခုအချိန်ထိ ဖြစ်ပါတယ်။
4 years Ago
Up