သိမ်းဆည်းပိုလျှံမြေ

August 6, 2018

မန္တလေး တံတားဦးလေဆိပ်အတွက် သိမ်းဆည်းပိုလျှံမြေများ ဒုတိယအကြိမ် ပြန်ပေးအပ်

မန္တလေးမြို့၊ တံတားဦးမြို့နယ်အတွင်း  လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဋ္ဌာန မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်က သိမ်းဆည်းပြီး ပိုလျှံမြေများအနက် ဧက ၃၀၀၀ ကျော်ကို သြဂုတ် ၅ ရက်က ဒုတိယအကြိမ် ပြန်လည်ပေးအပ်ခဲ့ပါတယ်​။ သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးနေတယ်လို့ သိမ်းဆည်းမြေတွေ ပြန်လည်ပေးအပ်တဲ့ အခမ်းအနားမှာ  ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။ “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေနဲ့ ဝန်ကြီးဌာနတွေက စီမံကိန်းအလို့ငှာ ရယူထားတဲ့ မြေတွေအပေါ်မှာ စီမံကိန်းအတိုင်း အကောင်အထည်ဖော်မှုမရှိတဲ့ မြေတွေကို မူလတောင်သူတွေ လက်ထဲကို ပြန်လည် စွန့်လွှတ် လွှဲပြောင်းနိုင်ဖို့နဲ့ စီမံကိန်းအတိုင်း ဆက်လက်အသုံးပြုမယ်ဆိုပါက လျော်ကြေးငွေ ပေးဆောင်တာ၊ မြေအစားပေးတာတွေ မရှိခဲ့သေးဘူးဆိုလျှင် လျော်ကြေးငွေ၊ နစ်နာကြေးငွေ ပေးကြဖို့ သက်ဆိုင်ရာ မြေရယူထားတဲ့ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်”လို့ ဒုသမ္မတက ​ပြောပါတယ်​။ မူလ​တောင်​သူ​တွေကို ပြန်​လည်​ပေးအပ်ရာမှာ တံတားဦးမြို့နယ် ပန်းယျကျေးရွာအုပ်စု တောင်သူ ၃၀၇ ဦးအတွက် ​ ၁၁၈၁ဒသမ၅၃ ဧက၊ သူငယ်တော်ကျေးရွာအုပ်စု တောင်သူ ၄၂၄ ဦးအတွက် ၁၀၅၆ဒသမ ၆၆ဧက၊ ဇီးချောင်းကျေးရွာအုပ်စုမှ တောင်သူ ၂၈၇ဦးအတွက် ၅၅၉ ဒသမ ၁၈ ဧက၊ စကားအင်းကျေးရွာအုပ်စုမှ တောင်သူ ၆၉ ဦးအတွက် ၂၂၂ ဒသမ ၄၄ ဧကကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းအတွက် သိမ်းဆည်းခဲ့​တဲ့ မြေ​ဧက​တွေကို ပိုလျှံမြေတွေအနက် ၉၀၅၅ ဧကကို ၂၀၁၄ ခုနှစ် အရင် အစိုးရလက်ထက်က ပြန်လည်ပေးခဲ့ပြီးလည်း ဖြစ်​ပါတယ်​။ လေယာဉ်ကွင်း စီမံကိန်းတည်ဆောက်ဖို့  ၁၉၉၃ခုနှစ်မှာ တံတားဦးမြို့နယ်အတွင်းရှိ သဲမောင်းကန်၊ ကန်ချော သားများဘ၊ ဝံပတေ့၊ ပလ္လင်တောင်၊ ရွှေပေါ်ကျွန်း၊ အေးကြည်ကုန်း၊ ဘုရားကြီးကုန်း၊ ဇီးချောင်း၊ ငါးဇင်ရိုင်း၊ ပန်းယျ၊ စကားအင်း၊ အိမ်နိမ့်စံကျေးရွာများမှ လယ်ယာမြေတွေကို သိမ်းယူခဲ့တဲ့​မြေ​ဧက​ပေါင်း ၂၃၀၀ ကျော်​ကို သိမ်းဆည်းထားခဲ့ပါတယ်​။
3 years Ago

June 1, 2018

မြိုင်ကလေး ဘိလပ်မြေစက်ရုံ သိမ်းဆည်းပိုလျှံမြေ ပြန်စွန့်လွှတ်ရာတွင် မူလပိုင်ရှင်များ မရ

မြိုင်ကလေး တန် ၉၀၀ ဘိလပ်မြေစက်ရုံက စီမံကိန်းတည်ဆောက်စဉ်က သိမ်းဆည်းခဲ့တဲ့ အသုံးမပြု ပိုလျှံမြေတွေကို သက်ဆိုင်ရာက ပြန်လည်စွန့်လွှတ်ခဲ့ပေမယ့် မူလ လယ်ပိုင်ရှင်တွေ ပြန်မရရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မေ ၃၀ ရက် မနက် ၁၂ နာရီက ဘားအံမြို့နယ်၊ ဇရပ်ဖြူကျေးရွာ၊ ဘုန်းကြီးကျောင်းမှာ နစ်နာတဲ့ မူလလယ်ပိုင်ရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။ ၁၉၈၁ ခုနှစ်က တန် ၉၀၀ ဘိလပ်မြေစက်ရုံ စတင်တည်ဆောက်စဉ်က ရွာလုံးကျွတ် နေအိမ်တွေ ဖယ်ရှားခံခဲ့ရတဲ့အပြင် လယ်၊ ယာ၊ ဥယျာဉ်ခြံမြေတွေကိုပါ လိုအပ်တာထက် ပိုမိုသိမ်းဆည်းခဲ့တဲ့အတွက် အစိုးရသစ်လက်ထက်မှာ အသုံးမပြု ပိုလျှံမြေတွေကို ပြန်လည်စွန့်လွှတ်တာတွေ ရှိပေမယ့် မူလလယ်ပိုင်ရှင်တွေ မရရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ ဒေါ်နန်းတင်တင်ဝင်းက “ပြောရရင်တော့ စားစရာမရှိ လျော်စရာရှိ ဘဝရောက်ခဲ့ရတယ်။ အဲဒီမြေကိုလည်း အသုံးလည်းမပြုဘူး။ မူလပိုင်ရှင်ကိုလည်း မပြန်ပေးဘူး။ ပြန်ပေးရင် မူလပိုင်ရှင် လုပ်စားရင် မကောင်းဘူးလား။ တဖက်က စားဝတ်နေရေး ပြေလည်ရင် သူများတိုင်းပြည်မှာ မျက်နှာငယ်စရာ မလိုဘူး။ ၂၀၁၅ တုန်းက စွန့်တဲ့မြေမှာလည်း ကွင်းအမှတ် ၁၀၃၆။ အနော်တို့ မြေလည်း ပါတာပဲ။ အဲဒါလည်း သူတို့ မပေးဘူး” လို့ ပြောပါတယ်။ ကရင်ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းမင်းက “ဘိလပ်မြေစက်ရုံတွေက သိမ်းဆည်းခဲ့တဲ့ ကိစ္စတွေက ကျနော်တို့ ဗဟိုမြေစစ် ကော်မတီက စစ်ဆေးရေးအဖွဲ့တွေနဲ့ ကျနော်တို့ စိစစ်ပါတယ်။ ဗဟိုက ညွှန်ကြားချက်အတိုင်း စက်ရုံကို မေးတယ်။ သူတို့က အနာဂတ် plan ဆိုပြီး ပြန်လာတယ်။ ပြန်မစွန့်လွှတ်နိုင်ပါဘူး ဆိုတဲ့ မေးခွန်ပြန်ကြားချက်ကို ပြည်နယ် မြေစစ်ကော်မတီကတဆင့် ဗဟိုဆက်လက် တင်ပြတယ်။ ဒါ လွတ်နေတဲ့ မြေနေရာတွေရဲ့ အခြေအနေပါ” လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ဇရပ်ဖြူကျေးရွာ၊ ဒေါ်ခင်ရီက “စုစုပေါင်း လယ်နှစ်ခင်းက ဧက ၂၀ လောက် ရှိမယ် ထင်တာပဲ။ ပထမတုန်းက တန် ၄၀၀၀ စက်ရုံသိမ်းတယ်လို့ပဲ ပြောတယ်။ အမိုးတို့ တွေ့တာက အနောက်ဘက်အခြမ်းမှာ ၉၁၅ က တခြမ်း ပြန်သိမ်းလိုက်တယ်။ ခြံပါ ကာလိုက်တယ်။ အမိုးတို့ ဘာတခုမှ မသိရဘူး။ အဲဒါနဲ့ မေးလည်း မမေးရဲဘူး။ မေးလို့ရှိရင် ဟိုတုန်းက ပါးရိုက် နားရိုက်နဲ့ ကြောက်ရတယ်။ အဲဒါနဲ့ မမေးရဲဘူး။ နောက်ပိုင်းတော့ လယ်မလုပ်တော့ဘဲနဲ့ သစ်စိုက်တယ်။ သစ်ပြန်စိုက်တော့ သတင်းကြားတာ ကရင်ပြည်နယ် ဝန်ကြီးချုပ်(ဟောင်း) ဦးဇော်မင်း လက်ထဲရောက်သွားတယ်”လို့ ပြောပါတယ်။ စက်ရုံ စီမံကိန်းအတွက် အမှန်လိုအပ်မြေ ၈၄၉ ဧက၊ လက်ရှိ သိမ်းဆည်းထားမြေက ၂၇၇၁.၁၈၁ ဧက ဖြစ်ပြီး၊ လက်ရှိမှာ ဘိလပ်မြေစက်ရုံတွေက MEC အမည်ပေါက် လန-၃၉ ထွက်ရှိပြီး ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ထိခိုက်နစ်နာသူ မူလပိုင်ရှင် ၁၀၀ ကျော်အတွက် နေအိမ်ရွှေ့ပြောင်းစဉ်က အိမ်သေး ၅၀၀ ကျပ်၊ အိမ်ကြီး ၁၀၀၀ ကျပ်သာ ပြောင်းရွှေ့စရိတ်ပေးခဲ့တာရှိပြီး သိမ်းဆည်းထားတဲ့ ပိုလျှံမြေတွေမှာ ချုံနွယ်ခုတ်၊ ခြံစည်းရိုး ကာရံတာတွေ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့အတွက် မူလလယ်ပိုင်ရှင် ၈ ဦး တရားစွဲဆိုခံခဲ့ရတာတွေရှိပြီး ပိုလျှံမြေတွေကို စက်ရုံက ပြင်ပက ငှားရမ်း လုပ်ကိုင်သူတွေကို နှစ်စဉ် ငှားရမ်းလုပ်ကိုင်ခွင့် ပြုထားပါတယ်။ ဘိလပ်မြေစက်ရုံတွေက ဒေသခံတွေရဲ့ လယ်၊ ယာ၊ ဥယျာဉ်ခြံမြေတွေ သိမ်းဆည်းခဲ့တဲ့အတွက် လယ်၊ ယာ၊ ဥယျာဉ်ခြံမြေတွေ လုပ်ကိုင်ခွင့် မရရှိတော့တဲ့နောက် စားဝတ်နေရေး အခက်အခဲအတွက် သားသမီးတွေက ပညာရေးတပိုင်းတစနဲ့ တဖက်နိုင်ငံကို သွားရောက်အလုပ် လုပ်ကိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း - ရဲမင်းခေါင်
3 years Ago
Up