သိမ်းငှက်

May 2, 2019

ယူအေအီးနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး သိမ်းငှက်ေဆးရုံ (ရုပ်သံ)

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံမှာ တန်ဖိုးကြီး အိမ်မွေးတိရစ္ဆာန်အဖြစ် သိမ်းငှက်တွေကို မွေးလေ့ရှိကြပြီး အဲဒီငှက်တွေ ဖျားနာလာရင် ကုသစောင့်ရှောက်ဖို့ ကမ္ဘာ့အကြီးဆုံး သိမ်းငှက်ဆေးရုံလည်း ရှိပါတယ်။ အဲဒီဆေးရုံမှာ သိမ်းငှက်တွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေအပြင် သုတေသနနဲ့ လေ့ကျင့်ရေးသင်တန်းတွေ အတွက်ကိုပါ ယူအေအီးအစိုးရက ထောက်ပံ့ပေးထားတာပါ။ သိမ်းငှက်တွေနဲ့ အလုပ်လုပ်ရတာ အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်၊ ဘယ်တော့မှ ပျင်းရတယ်ဆိုတာ မရှိဘူးလို့ ဆေးရုံ ဒါရိုက်တာ မာဂစ်မာလာက ပြောပါတယ်။ ယူအေအီးနိုင်ငံအပြင် ဆော်ဒီအာရေးဗျနဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေမှာ လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကာလကတည်းက သိမ်းငှက်တွေဟာ သဲကန္တာရ ယဉ်ကျေးမှုအမွေအနှစ် တစိတ်တပိုင်းအဖြစ် အရေးပါပါတယ်။ သိမ်းငှက်ဆေးရုံဟာ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း လာရောက်လေ့လာခွင့် ပြုထားပါတယ်။ သိမ်းငှက်တွေဟာ နိုင်ငံတကာမှာ မျိုးတုန်းပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ယူအေအီး တနိုင်ငံတည်းကသာ သိမ်းငှက်တွေကို တရားဝင် ထိန်းသိမ်းစောင့်ရှောက် မွေးမြူခွင့် ရထားတာပါ။ ယူအေအီးနိုင်ငံမှာ သိမ်းငှက်တွေကို ကိုယ်ပိုင် နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးထားပါတယ်။ သိမ်းငှက်တွေဟာ သူတို့ရဲ့သခင်နဲ့အတူ လေယာဉ်စီး ခရီးသွားကြပြီး တခါတလေလည်း အမဲလိုက် ခရီးထွက်လေ့ရှိကြပါတယ်။
2 years Ago

June 18, 2018

ရင်သွေးများကို အစာခွံ့သည့် အမဲလိုက်သိမ်းငှက်မောင်နှံရုပ်သံ ကြည့်ရှုသူ ၁ဝ သန်းကျော်ရှိ

ကမ္ဘာ့အမြန်ဆုံး ငှက်မျိုးစိတ်ထဲမှာ ပါဝင်တဲ့ အမဲလိုက်သိမ်းငှက်တွေဟာ တနာရီကို မိုင် ၂၀၀ ထိ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး သူတို့ရဲ့ သဘာဝတွေဟာ ထူးဆန်းလှပါတယ်။ သိပ္ပံအမည် Falco peregrinus လို့ ပေးထားတဲ့ ဒီငှက်တွေဟာ အန္တာတိကတိုက်က လွဲပြီး ကျန်တဲ့ ဒေသအနှံ့ ရှင်သန်ကျက်စားနိုင်ကြကာ သားကောင်ကို လေထဲမှာ ဖမ်းယူစားသောက်လေ့ရှိတဲ့ အစုံစား ငှက်မျိုးစိတ်တွေထဲမှာ ပါဝင်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရင်သွေးငှက်ပေါက်ကလေးတွေကို အစာကျွေးနေတဲ့ သိမ်းငှက်စုံတွဲတတွဲရဲ့ ရှားတောင့်ရှားပါး မြင်ကွင်းတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ အမဲလိုက်သိမ်းငှက်တွေရဲ့ မိတ်လိုက်ချိန်ကတော့ မတ်လနှောင်းပိုင်းကနေ မေလလောက်ထိဖြစ်ကာ ဥဥဖို့ ကြာမြင့်ချိန်ကတော့ ၂၉ ရက်ကနေ ၃၂ ရက်အတွင်း ဖြစ်ပါတယ်။ တခါဥရင် ၃ ဥကနေ ၄ ဥအထိ ဥလေ့ရှိပြီး ဥကနေ ပေါက်ကာစ ငှက်သားပေါက် ကလေးတွေဟာ ၄၂ ရက်လောက်အကြာမှာမှ ပျံသန်းနိုင်တာပါ။ အဲဒီအချိန်ကာလတွင်းမှာတော့ မိဘတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်အောင်၊ အစာရှာတတ်အောင် သင်ကြားပေးကြတာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ငှက်ကောင်ပေါက်ကလေးတွေကို မိခင် သိမ်းငှက်မကြီးနဲ့ အဖော်ဖြစ်သူက ဘယ်လိုအစာခွံ့သလဲ ဆိုတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ LF Falcon အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝင်ရောက်ကြည့်ရှုသူ ၁၀ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ Defenders of Wildlife အဖွဲ့ကတော့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတဝန်း အမဲလိုက်သိမ်းငှက်ကောင်ရေ ၁၆၅၀ လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago
Up