ကျူးဘားနဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးတွေ နိုဝင်ဘာ ၆ ရက်က ကျူးဘားမြို့တော် ဟာဗားနားမှာ တွေ့ဆုံပါတယ်။
အမေရိကန်ဆီက ဒဏ်ခတ်မှု ပြစ်ဒဏ်တွေကို ရင်ဆိုင်နေရချိန်မှာ ၂ နိုင်ငံကြား အပြန်အလှန် ထောက်ပံ့ကြဖို့ ဆက်ဆံရေး အားဖြည့်ကြတာပါ။
အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ်ဂျာဗဒ်ဇာရိဖ်ဟာ ဟာဗားနားကို နိုဝင်ဘာ ၆ ရက်က ရောက်လာပြီး ကျူးဘားကိုယ်စားလှယ်တွေနဲ့ အစည်းအဝေး ကျင်းပပါတယ်။
အမေရိကန်ဒဏ်ခတ်မှု သက်ရောက်ခံ မဟုတ်တဲ့ နယ်ပယ်တွေဖြစ်တဲ့ စွမ်းအင်သိပ္ပံနဲ့ နည်းပညာနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။
အမေရိကန်ဟာ ၂၀၁၈မှာ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံကြား ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်စီးပွားရေးကို ထိခိုက်စေမယ့် ဒဏ်ခတ်မှုတွေ ပြန်ချမှတ်ခဲ့ပါတယ်။
လက်စားချေတဲ့အနေနဲ့ အီရန်ကလည်း သဘောတူညီချက်ပါ အချက်အလက်တွေကို လေးစားလိုက်နာမှု လျှော့ချခဲ့ပါတယ်။
ကျူးဘားနိုင်ငံအပေါ်ကိုတော့ အမေရိကန်သမ္မတ ထရမ့်က ခရီးသွားလုပ်ငန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းအင်ဖြန့်ဖြူးရေးကို ကန့်သတ် ဒဏ်ခတ်ခဲ့တာပါ။
အမေရိကန်နိုင်ငံသားတွေ ကျူးဘားကို ခရီးသွားမှု ကန့်သတ်ချက် တင်းကြပ်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံကနေ ရေနံတင်ပို့မှု တားမြစ်ပိတ်ပင် ခဲ့ပါတယ်။
သိမ်းယူခံ ပစ္စည်းတွေကို ကုန်သွယ်တဲ့ လုပ်ငန်းတွေကို တရားစွဲနိုင်တဲ့ ဥပဒေကိုလည်း သက်ရောက်စေခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ဗင်နီဇွဲလား ခရီးစဉ်အပြီး ၂ ရက်အကြာမှာ ကျူးဘားနိုင်ငံကို လာရောက် လည်ပတ်တာပါ။
ဒါဟာ အမေရိကန်ဒဏ်ခတ်ခံဒေသတွင်း မဟာမိတ်နိုင်ငံတွေဆီ အလည်အပတ် ခရီးစဉ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
2 years Ago