အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေဝိုင်းရံပိတ်ဆို့ထားတဲ့ အကြားက ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး၊ WE WANT DEMOCRACY စာတန်းပန်းချီကမ်ပိန်းနဲ့ အထွေထွေသပိတ်ဆန္ဒပြပွဲကို မတ်လ ၈ ရက်မနက်ပိုင်းက လူအင်အား ၄၀၀ လောက်နဲ့ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တပ်တွေဝိုင်းရံနေတဲ့ကြားက WE WANT DEMOCRACY ၊ စစ်အာဏာရှင် စနစ်အလိုမရှိ စာတန်းပန်းချီရေးဆွဲတာ၊ စတေကာဝေငှတာတွေပြုလုပ်ခဲ့သလို လွတ်လပ်ရေးကျောက်တိုင် (ပန်းခြံ)ကနေ ပြည်ထောင်စုလမ်းမကြီးအတိုင်း ကြာကန်အထိ ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့တာပါ။
"ဒီမြို့က စစ်ကောင်စီရဲ့တပ်တွေ ဝိုင်းရံထားတယ်။ ကျနော်တို့ဒေသခံတွေက စစ်တပ်မြင်ရင် ကြောက်နေရတယ်။ဒါကြောင့် အကြောက်တရားတွေ ဘေးဖယ်ပြီ စစ်အာဏာရှင်စနစ်ကို မလိုချင်လို့ လမ်းပေါ်ထွက် ဆန္ဒပြတာ" လို့ ဆန္ဒပြပွဲပါဝင်သူ တစ်ဦးက ပြောပါတယ်။
အထွေထွေသပိတ်ဆန္ဒပြပွဲမှာ G-Z လူငယ်တွေ၊ CDM မှာ ပါဝင်တဲ့ ဆရာ ဆရာမတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မြို့ခံပြည်သူတွေနဲ့ မြို့နယ်အတွင်း ကျေးရွာက စစ်အာဏာရှင်စနစ်ကို အလိုမရှိတဲ့ ဒေသခံတိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့မှာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီခွဲကစပြီး လူထုအင်အား ၃၀၀ လောက် ပြည်ထောင်စုလမ်းမကြီးအတိုင်း ငြိမ်းချမ်းစွာ စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အလားတူ စစ်အာဏာရှင်စနစ်ကို မလိုလာတဲ့ ပညာရေးဌာနက ဆရာ ဆရာမတွေကလည်း ဖဲကြိုးနီကမ်ပိန်းလှုပ်ရှားမှုကို တပြိုင်တည်း ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို မြို့ပေါ်ရပ်ကွက်နဲ့ မြို့နယ်အနီး ကျေးရွာက ဒေသခံပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ စစ်အာဏာဏရှင်စနစ်ကို မလိုလားတဲ့သူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
"ကျနော်တို့ စစ်အာဏာရှင်စနစ် မတရားလာသိမ်းပိုက်တာကို လုံးဝမကျေနပ်ဘူး။ မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာ "လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်တဲ့ ကိုစိုင်းတေဇာက ပြောပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ပြည်သူ့အာဏာကို ပြည်သူလက်ထဲ ပြန်လည်ရရှိရေး၊ စစ်အစိုးရ အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်ပေါ်ထွန်းလာရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။
ဆန္ဒထုတ်ဖော်ပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တားဆီးနှောင့်ယှက်တာမရှိတဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ကျန်ရက်တွေမှာပါ ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့ ဦးဆောင်သူက ပြောပါတယ်။