ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ လေးရက်မြောက်နေ့အဖြစ် ဒီနေ့မနက် ဆန္ဒထုတ်ဖော်ပွဲမှာ ပြီးခဲ့တဲ့ ရက်တွေလို့ လူစုလူဝေးနဲ့ မဟုတ်ဘဲ အဖွဲ့တွေခွဲပြီး လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) လည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနား ကုတင်ငါးရာဆန့်ဆေးရုံက ဆရာဝန်တွေနဲ့ ကျန်းမာရေးမိသားစုတွေ၊ အထွေထွေအုပ်ချုပ်ရေးဌာနဝန်ထမ်းတွေ၊ တက္ကသိုလ် ဆရာ ဆရာမတွေ ကျောင်းသူကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ သစ်တောဝန်ထမ်းတွေ၊ မြန်မာ့မီးရထားဝန်ထမ်းတွေ၊ သစ်တောဝန်ထမ်းတွေ၊ စိုက်ပျိုးရေး မွေးမြူရေးဌနာ ဝန်ထမ်းတွေ၊ ကျေးလက်ဖွံ့ဖြိူးရေး ဦးစီးဌာနဝန်ထမ်းတွေ၊ လျှပ်စစ်နဲ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းတွေ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ၊ IDP လူငယ်တွေ၊ ကချင်နဲ့ ရှမ်းနီ တိုင်းရင်းသားလူမျိုးတွေ၊ ကချင်နှစ်ခြင်း ခရစ်ယန် အဖွဲ့ချုပ် KBC၊ မြန်မာမွတ်စလင်တွေ၊ ဟိန္ဒူလူငယ်တွေ၊ မြန်မာပြည်ဖွားဂေါ်ရခါးတွေ ဘောလုံးသမားတွေ၊ မိတ်ကပ်ပညာရှင်တွေ၊ Gym အဖွဲ့က ဗလမောင်တွေ၊ LGBT တွေ၊ ဆိုင်ကယ်အဖွဲ့တွေက လူစုခွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
မြို့တွင်းမှာလည်း ယမန်နေ့တွေထက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြင့် ပိတ်ဆို့တားဆီးထားပြီး အဲဒီနေရာတွေကို ဆန္ဒပြသူတွေက မသွားဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုများလည်းတွေ့ရပါတယ်။
မနက် ၁၁ နာရီလောက်မှာတော့ ဆန္ဒပြအုပ်စုတွေက အထက ၁ ရှေ့မှာ အဖွဲ့ပေါင်းစုံ စုစည်းပြီး လူ သိန်းနဲ့ချီ ၁ နာရီလောက် စုပေါင်းဆန္ဒပြခဲ့ပြီး လူစုခွဲခဲ့ကြပါတယ်။
ထူးထူး၊ မီးမီး
ဖေဖော်ဝါရီလ ၉ ရက်နေ့က မြိတ်မြို့မှာပြုလုပ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာတာကို တွေ့မြင်ရပါတယ်။
ပညာရေးဝန်ထမ်းတွေ၊ ဥပဒေပညါရှင်တွေ ကျန်းမာရေးဝန်ထမ်းတွေ၊ တက္ကသိုလ်အသီးသီးက ဆရာဆရာမတွေနဲ့ မြေစာရင်း ဌာနက ဝန်ထမ်းတွေ စိုက်ပျိုးရေးဌာနကဝန်ထမ်းတွေ ပါဝင်လာခဲ့ကြသလို ဘဏ်ဝန်ထမ်းအချို့လည်း အခု သပိတ်စစ်ကြောင်းတွေမှာ ပါဝင်လာတာကို တွေ့မြင်ရပါတယ်။
မြိတ်မြို့က ဌာနဆိုင်ရာတစ်ချို့က ဝန်ထမ်းတွေအနေနဲ့ စစ်ဏာရှင်စနစ်အောက်မှာ အလုပ်မလုပ် လိုတဲ့အတွက် CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပြီး ရုံးအချို့လည်း ပိတ်ထားတာကို မြင်ရပါတယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထု လှုပ်ရှားမှုကို မြိတ်မြို့မှာ ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီး ဆန့်ကျင် သပိတ်မှောက်နေတာဖြစ်ကာ ဒီကနေ့ သုံးရက်မြောက်တဲ့နေ့မှာတော့ အရင်နေ့တွေကထက် အင်အားတွေများပြားလာပါတယ်။
အခုလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ပတ်သက်လို့ လူစုလူဝေး မလုပ်ဖို့ ဒေသန္တရ အမိန့်တွေထုတ်ပြန်ထားပေမယ့် စစ်အစိုးရထုတ်ပြန်တဲ့အမိန့်ဟာ တရားမဝင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လိုက်နာစရာမလိုဘဲ အာဏာရှင်စနစ် ပြုတ်ကျမှသာ တောင်းဆိုဆန္ဒထုတ်ဖော်မှုတွေကို ရပ်တန့်ပေးမှာဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို တနင်္သာရီတိုင်းရှိ မြို့နယ်တိုင်းမှာ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
အောင်ကျော်