သိန်း ၈၀၀ လှူဒါန်း

June 9, 2018

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် စစ်ဘေးဒုက္ခသည်များကို သိန်း ၈၀၀ လှူဒါန်း

မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ဘေးဒုက္ခသည်တွေကို ငွေကျပ် သိန်း ၈၀၀ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေးစတင်ခဲ့တဲ့ ဇွန် ၈ ရက်ကို  မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့လို့ သတ်မှတ်ပြီး ရန်ကုန်က ရှန်ဂရီလာဟိုတယ်မှာ အခမ်းအနားပြုလုပ်ပြီး အလှူငွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားမှာ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရန်ပုံငွေအဖွဲ့က စစ်ဘေးရှောင်ဒုက္ခသည်များနဲ့ သဘာဝဘေးဒုက္ခသည်များအတွက် ပေးအပ်လှူဒါန်းတဲ့ လှူဒါန်းငွေ ကျပ်သိန်း ၈ဝဝ ကို မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ပွဲ ကျင်းပရေးကော်မတီက ပေးအပ်လှူဒါန်းပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လက်ခံရယူတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ လွတ်လပ်ရေးရရှိခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အာရှတိုက်ရှိ နိုင်ငံအားလုံးအနက် ပထမအစောဆုံး တရားဝင်အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံတရားဝင်သံတမန်ဆက်သွယ်ရေးကို ၁၉၅ဝ ပြည့်နှစ် ဇွန် ၈ ရက်မှာ စတင်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှာ မြန်မာ-တရုတ်နှစ်ပြည်ထောင် ဝန်ကြီးချုပ်တို့ဟာ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်နဲ့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကို လက်မှတ်ရေးထိုးကာ ကမ္ဘာသို့ကြေညာခဲ့ပါတယ်။ လက်ရှိကာလမှာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ မဟာဗျူဟာမြောက် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအဖြစ် ဆက်လက်တိုးတက်နေတယ်လို့လည်း အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up