သိန်း ၁၅၀၀ ကျော်

August 16, 2017

သိန်း ၁၅၀၀ ကျော် အလွဲသုံးစားမှုဖြင့် CB ဘဏ် လက်ထောက်မန်နေဂျာ လာရောက်အဖမ်းခံ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ကျပ်သိန်း ၁၅၀၀ကျော် အလွဲသုံးစားမှုနဲ့ တိုင်းကြားခံရသူ CB ဘဏ်ခွဲက လက်ထောက်မန်နေဂျာအမျိုးသမီး သြဂုတ် ၁၅ ရက်က လာရောက်အဖမ်းခံခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။ သြဂုတ် ၁၁ ရက် ည ၇ နာရီလောက်မှာ ညောင်လေးပင် CB ဘဏ်ခွဲက လက်ထောက်မန်နေဂျာဟာ သူတာဝန်ယူဆောင်ရွက်ရတဲ့ (ချေးငွေ/စီမံဌာနစိတ်) က ငွေကျပ် ၁၅၄,၆၇၂,၀၀၀ ကို ဘဏ်ကိုမသွင်းဘဲ မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခဲ့တယ်ဆိုပြီး ညောင်လေးပင် CB ဘဏ်ခွဲ မန်နေဂျာ ဒေါ်ပြည့်စုံဝင်းက တရားလိုလုပ် အမှုလာဖွင့် တိုင်ကြားထားတာ ဖြစ်ပါတယ်။ စခန်းမှူး ဒု ရဲမှူးဇော်မိုးက “မနေ့ကလာပြီး အဖမ်းခံပါတယ်။ ကျနော်တို့ သူ့မိဘတွေကို လာအပ်ပေးဖို့ စည်းရုံးလိုက်တယ်လေ။ ရန်ကုန်ရောက်နေတာ လားမသိဘူး။ သူ့အဖေအမေတွေကို ဆက်သွယ်တဲ့အချိန် သူ့မိဘတွေ ခေါ်လာပြီး လာအပ်ပေးတာပေါ့။ အဲဒီညကတည်းက သူ့မိဘတွေ အကြောင်းကြားပါတယ်။ မနက်ဖြန် လာအပ်ပေးမယ်လို့။ မနက် ၁၀ နာရီလောက်ကျတော့ စခန်းကို လာရောက်အဖမ်းခံတာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။ ညောင်လေးပင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၄၀၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်
4 years Ago

August 12, 2017

သိန်း ၁၅၀၀ ကျော် အလွဲသုံးစားမှုဖြင့် CB ဘဏ်လက်ထောက်မန်နေဂျာအမျိုးသမီးကို အမှုဖွင့်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ CB ဘဏ်ခွဲ က လက်ထောက်မန်နေဂျာ အမျိုးသမီးတယောက်ကို ငွေအလွဲသုံးစားပြုမှုနဲ့ အမှုဖွင့်ထားတယ်လို့ မြို့မစခန်းမှူးက ပြောပါ တယ်။ ညောင်လေးပင် CB ဘဏ်ခွဲက လက်ထောက်မန်နေဂျာဟာ သူ တာဝန်ယူဆောင်ရွက်ရတဲ့ (ချေးငွေ/စီမံဌာနစိတ်) က ငွေကျပ်ပေါင်း ၁၅၄ ၆၇၂ ၀၀၀ (သိန်းတထောင့်ငါးရာ လေးဆယ့်ခြောက်သိန်း ခုနစ်သောင်းနှစ်ထောင်) အား ဘဏ်ကို မသွင်းဘဲ မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခဲ့တယ်ဆိုပြီး သြဂုတ် ၁၁ ရက် ည ၇ နာရီလောက်မှာ ညောင်လေးပင် CB ဘဏ်ခွဲ မန်နေဂျာ ဒေါ်ပြည့်စုံဝင်းက တရားလိုလုပ် အမှုလာဖွင့်ခဲ့တာ ဖြစ်ပါတယ်။ စခန်းမှူး ဒု ရဲမှူးဇော်မိုးက “ကျနော်တို့ စခန်းကို မနေ့ညနေပိုင်းလောက်က ငွေအလွဲသုံးစားမှုနဲ့ သူ့ဝန်ထမ်းကို ဘဏ်မန်နေဂျာက အမှုလာဖွင့်တာပါ။ လောလောဆယ်တော့ မနေ့ကမှ အမှုဖွင့်တာဆိုတော့ စစ်ဆေးမှုတွေတော့ လုပ်နေပါပြီ။ သက်သေတွေ စစ်မယ်။ လောလောဆယ် သူကပြေးနေတာဆိုတော့ သူ့မိသားစုတွေကို အရင်မေးရဦးမယ်။ ဘယ်သွားတတ်တယ်၊ ဘယ်လာတတ်တယ်ပေါ့။ ကျနော်တို့ကလည်း ဒီဘက်ကနေ စုံစမ်းပြီးဖမ်းဆီးမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ တိုင်ကြားခံရသူရဲ့ ဖခင်က “အဲဒီနေ့ကရုံးသွားပါတယ်။ ပုံမှန် မနက်သွား ညနေပြန်လာ တာပါပဲ။ နောက်ရက်တွေကျတော့ ပြန်မလာတော့ဘူး။ နောက်ရက်ကျတော့ ဘဏ်မန်နေဂျာမ ဆိုသူရောက်လာပါတယ်။ ရုံးမလာလို့ ဆိုပြီးတော့။ နောက်ရက်ကျတော့ ကျနော်တို့ လူပျောက်ကြေညာလိုက်ပါတယ်။ ငွေအလွဲသုံးစား လုပ်လား၊ မလုပ်လားတော့ မသိပါဘူး။ ဒါပေမယ့် သမီးနဲ့ ခုချိန်ထိ အဆက်အသွယ်မရသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရားလိုဖြစ်သူကို နေအိမ်မှာ သွားရောက်မေးမြန်းခဲ့ပေမယ့် ဖြေကြားပိုင်ခွင့်မရှိလို့ဆိုပြီး မဖြေခဲ့သလို CB ဘဏ်ရုံးချုပ်က အထွေထွေမန်နေဂျာကို ဒီဗွီဘီက ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။ ဒီအမှုကို ညောင်လေးပင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
4 years Ago
Up