ဂျော်ဂျီယာနိုင်ငံတောင်ပိုင်းနဲ့ ဆင်းဒွစ်ရှ်ကျွန်းစု တောင်ပိုင်းကမ်းခြေမှာ ပင်ဂွင်းဘုရင်တွေ အကောင်ရေ ၂၅၀,၀၀၀ ကျော်လောက်ဟာ အတူတကွစုဝေးပြီး ရောက်ရှိနေခဲ့ကြတာကို စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီဒေသမှာ ရေခဲတမျှအေးပြီး နှင်းတွေတဖွဲဖွဲကျနေပေမယ့် ပင်ဂွင်းငှက်တွေဟာ အံ့သြဖွယ် တစုတဝေးတည်း ရှိနေခဲ့ကြတာကို သတင်းမှာ ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြလိုက်တာပါ။
ဒီပုံတွေကိုတော့ အော်ဖာအဂစ်ဗ်အမည်ရ အငြိမ်းစားအင်ဂျင်နီယာတဦးက အန္တာတိကဒေသကို ၁၈ ရက်ကြာခရီးအတွင်း ဂျော်ဂျီယာတောင်ပိုင်းကို ရောက်ရှိချိန်မှာ ရိုက်ကူးနိုင်ခဲ့တာပါ။
များပြားလှတဲ့ ပင်ဂွင်းတွေ စုဝေးနေတဲ့ ဒီလိုလှပဆန်းကြယ်တဲ့ ဓာတ်ပုံတွေကို သူက အနီးကပ် ရိုက်ကူးနိုင်ခဲ့တာပါ။
ခုတွေ့ရှိရတဲ့ ပင်ဂွင်းဘုရင် (King Pinguin) အမျိုးအစား ပင်ဂွင်းငှက်တွေဟာ ပင်ဂွင်းမျိုးနွယ်တွေထဲမှာ ဒုတိယအကြီးဆုံး ပင်ဂွင်းအမျိုးအစားတွေ ဖြစ်ကြပါတယ်။
ဥရောပက ပင်ဂွင်းတွေနဲ့ ဆင်တူလှတဲ့ အရပ် ၃ ပေ အလေးချိန် ၃၅ ပေါင်လောက် အလေးချိန်ရှိတဲ့ ပင်ဂွင်းဘုရင်တွေဟာ သူတို့ရဲ့နားရွက်တွေနဲ့ လည်ပင်းတွေမှာ လိမ္မော်ရောင် အစက်အပြောက်တွေ ပါရှိပါတယ်။
ခုလို သိန်းနဲ့ချီတဲ့ ပင်ဂွင်းငှက်တွေ ကမ်းခြေမှာ စုဝေးလာတာဟာ အစာအတွက် ငါးတွေကို ရှာဖွေဖို့နဲ့ သူတို့ရဲ့ကလေးတွေကို မွေးမြူသင်ကြားပေးဖို့ ပင်လယ်ပြင်ကြီးဆီ အလွယ်တကူ ရောက်ရှိနိုင်စေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - စီစီတီဗွီ
6 years Ago