သိန်းနိုင် (မောက္ခပညာရေး)

November 19, 2015

ကလေးတွေကို အကြမ်းဖက်မှုအကြောင်း ဘယ်လိုပြောပြကြမလဲ

ရွာအနီးအနား ပတ်ဝန်းကျင်မှာကော၊ အဝေးပြင်ပ ကမ္ဘာကြီးထဲမှာကော အကြမ်းဖက်မှုတွေဟာ တနေ့တခြား ပိုလို့တိုးပွားပြီး လာနေပါတယ်။ ကျနော်တို့ရဲ့ မြန်မာကလေးတွေကို ဒီအကြမ်းဖက်မှုတွေအကြောင်းကို လူကြီးမိဘများနဲ့ ကျောင်းဆရာ ဆရာမများက ဘယ်လို ပြောပြနိုင်ကြမလဲ။ နိုင်ငံတကာ ပညာရေးမှာတော့ အကြမ်းဖက် ကမ္ဘာကြီးအကြောင်းကို ကလေးတွေ သိရှိနားလည်အောင်အတွက် သင်ကြားပေးမယ့် နည်းလမ်းတွေကို ရှာကြံနေကြပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ၁၃ ရက်၊ နိုဝင်ဘာလ ၂၀၁၅ ခုနှစ်က အစွန်းရောက် အကြမ်းဖက်သမားများရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၂၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူ ၃၅၀ ဦးလောက်ဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကလေးငယ်တွေကို မိဘများနဲ့ ကျောင်းဆရာဆရာမများဟာ ဘာကိုပြောပြသင့်သလဲ၊ ဘယ်လိုဘယ်ပုံနည်းလမ်းနဲ့ ပြောပြရမလဲ ဆိုတာဟာ အင်မတန်မှပဲ ခေါင်းစားစရာ ဖြစ်နေကြတယ်။ ဒီအပတ်မှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှု အကြောင်းကို စာသင်ခန်းအတွင်း ဆွေးနွေးသင့်၊ မသင့်ကို ကျောင်းဆရာဆရာမများဟာ ဆုံးဖြတ်ရ ခက်နေကြတယ်။ မိဘများဟာလည်း ဒီကြေကွဲဖွယ်ရာ ကိစ္စကို ပြောပြဖို့ရာ ၀န်လေးနေကြပြီး ဘယ်လိုဘယ်ပုံ ပြောပြရမလဲ ဆိုတာကိုကလည်း စိန်ခေါ်မှု တခုပါပဲ။ တိုင်းပြည်တိုင်းလိုလိုမှာ ဒီလို ဆိုးရွားလှတဲ့ အနိဋ္ဌာရုံကိစ္စမျိုးကို စာသင်ခန်းတွင်းမှာ အသိပေး ဆွေးနွေးကြပုံများဟာ မတူတတ်ကြပါဘူး။ တချို့ကတော့ တူညီတဲ့ တုံ့ပြန်မှုတွေ လုပ်တတ်ကြတယ်။ သာယာလှပတဲ့ ပဲရစ်မြို့ရဲ့ သောကြာနေ့ ညနေခင်းမှာ အလည်အပတ် ထွက်ကြရင်း ရာနဲ့ချီတဲ့ လူတွေဟာ အကြမ်းဖက် တိုက်ခိုက်သူတွေကြောင့် အသတ်ခံရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းအတွက် နိုင်ငံတကာက ကျောင်းတွေမှာ တမိနစ်ငြိမ်သက်ပြီး ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်တာ လိုမျိုးပါ။ တချို့ကျောင်းတွေမှာတော့ အကြမ်းဖက်မှုအကြောင်းနဲ့ ပဲရစ်မြို့ တိုက်ခိုက်ခံရမှုအကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးကြပါတယ်။ ကလေးငယ်လေးတွေကို စာသင်ကြားပေးနေကြတဲ့ ဆရာဆရာမများအနေနဲ့ ဒီလိုကိစ္စမျိုးကို မပြောပြသင့်ဘူးဆိုပြီး တွန့်ဆုတ်နေကြတာလည်း ရှိပါတယ်။ Lycee Francais de New York စာသင်ကျောင်းမှာတော့ အတန်းအလိုက် ကျောင်းသားတွေကို ခန်းမထဲမှာ စုဝေးကြပြီး ဒီသတင်းဆိုးနဲ့ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြကြဖို့ရာ စီစဉ်ထားပေးတယ်။ “ကျမတို့က သိပ်ပြီးတော့ကို ဂရုတစိုက် ကိုင်တွယ်ကြပါတယ်။” မန်ဟက်တန်မြို့က ပြင်သစ်စကားပြော ကျောင်းအုပ်ကြီး အဲလစ်ဇဘတ်ကင်းက ပြောပြပါတယ်။ “ဒါဟာ နားထောင်ကြဖို့ရာဖြစ်ပြီးတော့ စိုးထိတ်ကြောက်ရွံ့မှုကို သက်သာရာ ရစေဖို့အတွက်လည်း ဖြစ်တယ်။” လော့စ်အိန်ဂျလိစ်မြို့က Downtown Magnets အထက်တန်းကျောင်းရဲ့ လူမှုရေးဘာသာပြဆရာ ဒန်နီယယ် ဂျော့ကတော့ ပုံမှန်သင်ခန်းစာတွေကို ရွှေ့ဆိုင်းထားပြီး “အကြမ်းဖက်မှု သင်ခန်းစာ” ကို ပြင်ဆင်သင်ကြားခဲ့တယ်။ သူ့အတန်းထဲက ၁၁ တန်းအရွယ် ကျောင်းသားများကို ကမ္ဘာ့အကြမ်းဖက်မှု စာရင်းဝင် ပြင်သစ်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ တပည့်များ သိချင်တာတွေကို မေးမြန်း ဆွေးနွေးခွင့်ပြုခဲ့တယ်။ အဲဒီနောက်တော့ ဆရာဂျော့ဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသရဲ့ ပထ၀ီဝင်နဲ့ မျက်မှောက်ခေတ် နိုင်ငံရေးအကြောင်းကို အခြေခံကျကျ သင်ကြားပြသပေးပါတယ်။ “ကလေးတွေကို သိပ်ရှုပ်ထွေးလှတဲ့ ဒီဖြစ်စဉ်တွေအပေါ်မှာ ရှင်းရှင်းလင်းလင်း သိမြင်စေချင်တာပါ။” လူမှုရေးဆရာက ရှင်းပြပါတယ်။ “တကယ့်ကိုပဲ ခက်ခဲလွန်းလှတဲ့ အကြောင်းအရာပါ။ ကလေးတွေက ပြဿနာရဲ့ သမိုင်းနောက်ခံ ဇာစ်မြစ်တွေကို မသိကြဘူးလေ။” ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာတော့ ခရိုင်ကျောင်းဒါရိုက်တာဟာ မိဘများနဲ့ ကျောင်းဆရာဆရာမများအနေနဲ့ ကျောင်းသားတွေကို ဒီ ကမ္ဘာ့အကြမ်းဖက်မှုအကြောင်း သင်ကြားဆွေးနွေးနိုင်ဖို့ လမ်းညွှန်ထုတ်ပြန်ခဲ့တယ်။ သင်ကြားရေး လမ်းညွှန်ထဲမှာ ကျောင်းသားများရဲ့ စိုးထိတ်ကြောက်လန့်နေမှုတွေကို ဆွေးနွေးပုံနည်းလမ်းများနဲ့ သူတို့ရဲ့ ခံစားချက်တွေကို အဖွင့်သဘောဆောင်တဲ့ မေးခွန်းများ မေးမြန်းဖို့ရာတွေကို ပြင်ဆင်ပေးထားပါတယ်။ “သိပ်ကို ကြီးမားဆိုးရွားလှတဲ့ ဆုံးရှုံးမှုနဲ့ ကြုံတွေ့ရတဲ့အခါမှာ နားမလည်နိုင်လောက်အောင်ကို လူတွေဟာ ခံစားရတတ်တာဟာ ပုံမှန်သဘာဝပါ။ ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းများနဲ့ ထင်မြင်ယူဆချက်တွေကို မျှဝေထုတ်ဖော်ပြောဆိုခွင့် ပေးပေးပါ။” ခရိုင်ပညာရေးဒါရိုက်တာဖြစ်သူ ဒွန်နာကွန်က သင်ကြားလမ်းညွှန်နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။ “သူတို့လေးတွေ သိထားပြီးတဲ့ အရာတွေနဲ့ ထင်မြင်ချက်တွေကို ခွဲခွဲခြားခြား နားလည်အောင် သင်ကြားပေးသင့်ပါတယ်။” ဒီလို အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို အသက် ၆ နှစ်အောက် ကလေးငယ်လေးတွေကိုတော့ မပြောပြသင့်သေးဘူးလို့ ကျွမ်းကျင်သူ ပညာရှင်များက မိဘများကို အကြံပြုထားတယ်။ အသက်အရွယ် အတန်ကြီးလာပြီဖြစ်တဲ့ ကလေးတွေကိုတော့ မိသားစုနဲ့ အတူတူ တီဗွီသတင်းကို ကြည့်ရှုကြဖို့ ဖိတ်ခေါ်သင့်ပြီးတော့ ဆွေးနွေးပြောဆိုနိုင်တယ်လို့ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်က ဆယ်ကျော်သက်စိတ်ပညာပါရဂူ ဒေါက်တာစတီဗင်ဘာကော့ဇ်က အကြံပြုထားပါတယ်။ “ကလေးများစွာတို့အတွက်တော့  ဒီဖြစ်ရပ်တွေဟာ သူတို့ရဲ့ ကြီးပြင်းရှင်သန်လာနေတဲ့ ကမ္ဘာ့ကြီးရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်းတွေပါ။” ပညာရှင်က ပြောပါတယ်။ “တကယ်တမ်းမှာတော့ ကလေးများရဲ့ တုံ့ပြန်မှုဟာ လူကြီးများနဲ့ မတူပါဘူး။ သူတို့က သိပ်ပြီးတော့ မခံစားကြဘူးလေ။ ကျနော်တို့ လူကြီးများအနေနဲ့ အံ့အားသင့်စရာတောင် ကြုံရလေ့ရှိပါတယ်။ ကျနော်တို့လည်း တုန်လှုပ်ခံစားမှုကို လျှော့ပစ်သင့်သလားလို့။” မိဘများဟာ ကိုယ်ခံစားနေရတဲ့ဟာကို ကလေးများဆီ ကူးစက်မသွားစေဖို့အတွက် ဂရုစိုက်သင့်တယ်လို့လည်း ဒေါက်တာဘာကော့ဇ်က ရှင်းပြပါတယ်။ “ဖြစ်ပြီဟေ့ဆိုတာနဲ့ လူကြီးတွေက တုန်လှုပ်ချောက်ချားသွားတတ်ကြတယ်။ ကြောက်ရွံ့ထိတ်လန့်ကြမယ်။ ကိုယ့်ခံစားချက်ကို ကိုယ်သိမြင်ဖို့ လိုတယ်လေ။” သူက ထပ်မံရှင်းပြခဲ့တယ်။ “ပြုစုစောင့်ရှောက်နေသူ၊ လူကြီးမိဘတဦးအနေနဲ့ သင်ဟာ ဒီလိုမျိုး နာကျင်ခံစားနေရပြီဆိုခဲ့ရင် အခြားသူတဦးဦးဆီက နှစ်သိမ့်အားပေး ကူညီမှုမျိုးကို ရယူသင့်ပါတယ်။ ကလေးတွေအပေါ်မှာ စိတ်ဖိစီးမှုဖြစ်အောင် မလုပ်သင့်ဘူး။” အမေရိကန်ပြည်ထောင်စုမှာတော့ ဒီလို စိတ်ထိခိုက်နာကျင်စေတဲ့ သတင်းဆိုးမျိုးကို ကျောင်းအလိုက်ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုင်တွယ်ကြပါတယ်။ အီတလီနိုင်ငံမှာတော့ ပညာရေးဝန်ကြီးက တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းများကို တမိနစ်ငြိမ်သက်တဲ့ အစီအစဉ်အတွက် ညွှန်ကြားထားတယ်။ တိုက်ခိုက်မှုတွေအတွက် တနာရီကြာ အောက်မေ့ခြင်း ၀တ်ပြုဆုတောင်းပွဲတွေကိုလည်း ကျင်းပပြုလုပ်ဖို့ရာကိုလည်း ၀န်ကြီးက ကြေညာထားပါတယ်။ ပညာရေးဝန်ကြီး စတက်ဖန်နီယာ ဂီအန်နီနီက သူမရဲ့ သတင်းလွှာထဲမှာ “ပညာရေးဝန်ထမ်း ကျောင်းဆရာဆရာမများဟာ စာသင်ကျောင်းများမှာ သူစိမ်းကြောက်ရောဂါနဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကို ပိုပြီးတော့ တွန်းလှန်ဖယ်ရှားဖို့အတွက် ကျောင်းသားများကို သင်ကြားပြသပေးရမယ်” လို့ ပြောပြခဲ့ပါတယ်။ ကာလကြာရှည် အကြမ်းဖက် ပြည်တွင်းစစ်ပွဲများနဲ့ လူမှုဒုက္ခများစွာကို ရင်ဆိုင်နေခဲ့ရပြီး၊ ရင်ဆိုင်နေရဆဲ ကျနော်တို့ မြန်မာပြည်ရဲ့ ဘက် ၂ ဘက်စလုံးက ကလေးငယ်များကို အကြမ်းဖက် တိုက်ခိုက်မှုတွေအကြောင်း ဘယ်လို သင်ကြားပေးကြမလဲ။ သိန်းနိုင် (မောက္ခပညာရေး) Ref: AP news 16 Nov. 2015
7 years Ago
Up