သိန်းဆုဖွင့်ပွဲတွင် ထီဆုများ တိုးမြှင့်ထုတ်လုပ်မည်

May 25, 2017

၎ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် ထီဆုများ တိုးမြှင့်ထုတ်လုပ်မည်

ဇူလိုင်လ ၁ ရက်နေ့ ဖွင့်လှစ်မယ့် ၄ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ ထီဆုတွေ တိုးမြှင့်ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဧပြီလကစပြီး ကျပ်သိန်း ၁၅၀၀ ဆုကနေ ကျပ်သိန်း ၁ သောင်းဆုအဖြစ် ပြောင်းလဲရောင်းချတဲ့အချိန်ကစပြီး အက္ခရာအလုံးရေ ပိုပြီး ရောင်းကောင်းလာတာကြောင့် လက်ရှိဆုမဲတွေအပြင် အခုလို ပြောင်းလဲ တိုးထုတ်ရတာ ဖြစ်တယ်လို့  အောင်ဘာလေသိန်းဆုဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။ “ထီဆုမဲစနစ်က ကျပ် သိန်း ၁ သောင်းက ၁ ဆု၊ ကျပ်သိန်း ၅ ထောင်က ၁ ဆု၊ ကျပ်သိန်း ၁ ထောင်က ၁ ဆု။ အဲဒီလိုမျိုးချည်းပဲ ပါနေတဲ့အခါကျတော့ တံခွန်တိုင်ပုံစံမျိုးကြီး ဖြစ်နေတယ်။ တဖြောင့်တည်း ဖြစ်နေတယ်။ အဲဒီအတွက် ကျနော်တို့က ဒါတွေကို ပိရမစ်ပုံစံမျိုး ပြောင်းဖို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်။ ကျပ်သိန်း ၁ သောင်း၊ ကျပ်သိန်း ၅ ထောင်အပြင်၊ ကျပ်သိန်း ၁ ထောင်ဆိုတဲ့အခါကျတော့ သိန်း ၅ ထောင်နဲ့ သိန်း ၁ ထောင်ကြားမှာလည်း နည်းနည်းလေး ကွာဟမှုရှိနေတယ်။ အဲဒီအတွက် ကျနော်တို့က ကြားထဲမှာ ကျပ်သိန်း ၃ ထောင်ဆု ဆိုပြီးတော့ ထည့်သွင်းဖို့ လျာထားပါတယ်။” ဒါ့အပြင် ကျပ်သိန်း ၁၅၀၀ ဆုကနေ ကျပ်သိန်း ၁ သောင်းဆုပြောင်းပြီးချိန်ကစပြီး ထီဆုတွေ တိုးလားသလို ထီရောင်းအားလည်း ၂ ဆ တိုးလာတာကြောင့်  ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၃၀၀ နဲ့ ကျပ်သိန်း ၁၀၀ ဆုတွေကို တိုးပြီး ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။     “အရင်တုန်းက ကျပ် ၂၀၀ တန်မှာ ဆုမဲအရေအတွက်ပေါင်း အက္ခရာ ၄၂ လုံး ရောင်းချခဲ့ရပါတယ်။ ဒါမေယ့် ဆုမဲအရေအတွက်ပေါင်းကတော့ ဘယ်လောက်အထိပဲ ပေးခဲ့လဲဆိုတော့ ၄သောင်း ၉ ထောင်ကျော်ပဲ။ ၅ သောင်းတောင် မပြည့်ပါဘူး။ အခု ကျပ် ၅၀၀ တန်ကျတော့ ကျနော်တို့က အမြင့်ဆုံးဆုကိုလည်း ကျပ်သိန်း ၁ သောင်း ပေးတယ်။ ဆုမဲအရေအတွက်ပေါင်းကလည်း ၁,၀၀,၂၁၀ အထိ ပေးခဲ့ပါတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင် ဆုကြေးကလည်း အများကြီး တိုးမြင့်လာသလို ဆုမဲအရေအတွက်ကလည်း ၂ ဆ တိုးမြင့်လာတာကို တွေ့ရမှာပါ” လို့ အောင်ဘာလေသိန်းဆုဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။ လက်ရှိရောင်းချနေတဲ့ အရန်ထီလက်မှတ်တွေကိုလည်း ၅ ကြိမ်မြောက် ဖွင့်လှစ်မယ့်အချိန်ကစပြီး ဆက်လက်ပြီး ရောင်းချတော့မှာ မဟုတ်ဘူးလို့ အောင်ဘာလေသိန်းဆုဌာနက ပြောပါတယ်။
4 years Ago
Up