သိန္နီ

April 18, 2022

သိန္နီတွင် မိုးသက်လေပြင်းကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေ ၇၀ ကျော် အကူအညီလိုအပ်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ် ကွန်ကောက် နဲ့ စယ့်အူ ကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် မွန်းလွှဲပိုင်းက မိုးသက်လေပြင်းကျရောက်ပြီး နေအိမ်အမိုးတွေ ပျက်စီးခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အဲဒီနေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ မိုးရောလေပါကျရောက်ကာ မိနစ် ၂၀ လောက် လေပြင်းထန်တာကြောင့် ကျေးရွာအုပ်စု ၂ ခုထဲက နေအိမ်အလုံးပေါင်း ၇၀ ကျော် ခေါင်မိုးလန်ထွက်ပျက်စီးကုန်တယ်လို့  ဒေသခံတွေက  ပြောပါတယ်။

ကွန်ကောက်ကျေးရွာအုပ်စု ရွာပေါင်း ၅ ရွာမှာတော့ ပျက်စီးသွားတဲ့ အိမ်ပေါင်း ၃၄ လုံးရှိကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဘက်က စာရင်းတွေလာ ကောက်သွားပေမယ့် ဒီနေ့အထိ အကူအညီမရသေးဘူးလို့ ကွန်ကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်ဆာမ်က ဒီဗွီဘီကို ပြောပါတယ်။ 

“လေပြင်းက ကျနော့တသက်မှာ တွေ့ဖူးတာ ဒီတခါ အဆိုးရွားဆုံးပါပဲ။ ကျနော်တို့အုပ်စုထဲက လောလောဆယ် ရထားတဲ့စာရင်းက ပျက်စီးတဲ့အိမ် ၃၄ လုံးရှိတယ်။ ကွန်ကောက်မှာ ၂၆ လုံး၊ နောင်မောင်း  ၁ လုံး၊ တန့်ခန်ရွာ ၃ လုံး၊ ပိန်းကန်းမှာ ၁ လုံး၊ ပိန်းဟုန်းမှာ ၃ လုံး။ သက်ဆိုင်ရာက အကူအညီ မလာသေးတော့ ရွာသားအချင်းချင်း နိုင်သလောက်ပြန်ကူနေပါတယ်။ စယ်အူဘက်က တော့ ဘယ်လောက်ပျက်စီးလဲမသိဘူး။”

ရွာသားတွေကတော့ ကွန်ကောက်နဲ့ စယ့်အူအုပ်စု ၂ ခုပေါင်း အိမ်ခြေ ၇၀ ကျော် ၈၀ လောက် ပျက်စီးတယ်လို့ ပြောပါတယ်။ 

 “ကွန်ကောက်အုပ်စုထဲမှာ ဝမ့်ဟေ၊ ဖိုင်ခမ်းရွာထဲကအိမ်တွေ ပါသေးတယ်။  စယ်အူအုပ်စုထဲမှာ နားမုပ်တရွာတည်းတင် အိမ် ၁၀ လုံးကျော်တယ် ပျက်စီးတာ၊ အုပ်စု ၂ ခုလုံးဆိုရင် ၇၀ ကျော် ၈၀ လောက်ရှိမယ်။ သွပ်ပြားတွေက ရပ်ထားတဲ့ ကားပေါ်ပြုတ်ကျပြီး ကားလည်းပျက်စီးတယ်၊ အုတ်တံတိုင်းတွေလည်း ပြိုကျတယ်၊ သရက်ပင်၊ ပိန္နဲပင်စတဲ့ သစ်ပင်ကြီးတွေလည်း ကျိုးကျတယ်။”

နောက်ရွာသား ၁ ဦးကလည်း ဒီအချိန် လယ်ယာလုပ်ငန်းစချိန်၊ မျိုးစေ့နဲ့ မြေဩဇာတွေဝယ်ရတာမို့ အများစုက အိမ်ပြင်ဖို့ငွေမရှိတော့ကြောင်း၊ တချို့အိမ်တွေက ခေါင်မိုးတစ်ခုလုံး ဟင်းလင်းပြင်ဖြစ်သွားပြီး အိပ်စရာနေရာပင်မရှိတော့ကြောင်း၊ သံဃာတော်အချို့က ဆန်နဲ့စားစရာတွေ လာဝေငှတာရှိကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်တွေလည်း စာရင်းလာကောက်သွားပေမယ့် အထက်ကို တင်ပြရမှာဖြစ်ပြီး ရမရတော့ မသေချာဘူးလို့ ပြောသွားပါတယ်။

ရပ်ဝေးရပ်နီးစေတနာရှင်တွေအနေနဲ့ သိန္နီမြို့နယ် လေဘေးသင့်ပြည်သူတွေ ကူညီလိုက  ကွန်ကောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဖုန်းနံပါတ် ၀၉ ၄၅၂၂၂၉၄၂၄ ကို ဆက်သွယ်ကူညီနိုင်ပါတယ်။ 

ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မူဆယ်၊ နမ့်ခမ်း၊ သိန္နီ နဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီဒေသတွေမှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့ပြီး မူဆယ်မှာဆိုရင် လမ်းသွားလမ်းလာ မိန်းကလေးငယ် ၁ ဦး သစ်ပင်ပိကျလို့ သေဆုံးသွားခဲ့ရပါတယ်။ 

8 months Ago

September 27, 2021

လားရှိုးနှင့် သိန္နီကြား တိုက်ပွဲဖြစ်ပွားသဖြင့် ကားလမ်းယာယီပိတ်ဆို့မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီကြားမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ စက်တင်ဘာ  ၂၆ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့  လမ်းအသွားအလာ ယာယီယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

"ညနေ ၄နာရီ ၂၀ မိနစ် ဝန်းကျင်မှာ သိန္နီနဲ့ လားရှိုးကြား၊ လားရှိုဘက်ခြမ်း နမ့်တွန်းကျေးရွာ၊ S ကွေ့အနီးက မိန်းလမ်းမ ပိတ်ထားလို့ မြေသားလမ်းကနေဖြတ်သန်း သွားလာနေကြရတယ်" လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

နောက်ထပ် ခရီးသည် တစ်ဦးကလည်း "ကျနော်  ၃ နာရီ ခွဲလောက် ဖြတ်တဲ့အချိန်က မပိတ်သေးဘူး။ အပြန် ၄ နာရီ ၂၀ မှာ ပိတ်ထားပြီ" လို့ အဝေးပြေး လမ်းမ ပိတ်ထားကြောင်း ပြောပါတယ်။

စစ်ကြောင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အမည်မသိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ စက်တင်ဘာ ၂၆ ရက် မနက် ၉ နာရီခွဲ ဝန်းကျင်ကစပြီး လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအုပ်စု၊  နမ့်ဟူးကျေးရွာနှင့် မန်ဒေါင်‌ကျေးရွာကြားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့ ဖြတ်သန်းသွားလာသူတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကိုးကန့် MNDAA တပ်ကကြားဖြတ် တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပေမဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ရှိပေမယ့် ထိခိုက်မှု ရှိ၊ မရှိ  မသိရသေးပါဘူး။

မနေ့ည ၈ နာရီခွဲမှာတော့ ကွတ်ခိုင်တပ်ကနေ စစ်ကား ၇ စီး လူအင်အားအပြည့်နဲ့ မူဆယ်ဘက်တက်သွားတာ ရှုခင်းသာကျော်လာပြီလို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောပါတယ်။

စစ်တင်ဘာ ၂၀ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ နမ့်တွန်းရွာ အနီး တိုက်ပွဲဖြစ်ပွားကာ အတက်၊ အဆင်း ယာဉ်ကြီး၊ ယာဉ်ငယ်တွေကို သွားလာခွင့် မပြုပဲ နာရီပိုင်းကြာ လမ်းပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းတွေမှာ လားရှိုးနဲ့ သိန္နီကြား ကားလမ်းမပေါ် မကြာခဏ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တိပ်ဖွဲ့တို့အကြား ကြိုကြား ကြိုကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ကြောင့် ကားလမ်းကို အမှီပြု အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

1 year Ago
More News
Up