သားကြီး မောင်ဇေယျ

April 26, 2017

ဘာသာမပြန်နိုင်သော ဝေဒနာများ

  ၂၀၁၀၊ ဧပြီလ၊ သင်္ကြန်အတက်နေ့ ညနေ ကန်တော်ကြီး ဗုံးပေါက်ကွဲမှုကို ဒီဗွီဘီအတွက် သတင်းသွားယူခဲ့တာနဲ့ ပတ်သက်ပြီး ကျနော်တို့ သားအဖနှစ်ယောက်ကို ရဲထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပြီး အင်မတန် မြင့်မားခံ့ညားတဲ့ ကိုလိုနီ အဆောက်အဦကြီးရဲ့ အပေါ်ဆုံးထပ်မှာ လျှို့ဝှက် အစစ်ဆေးခံခဲ့ရပါတယ်။ လူမသိ၊ သူမသိ၊ နေ့မအိပ်၊ ညမအိပ် အစစ်ခံနေခဲ့ရတာပါ။ ပူပြင်းလှတဲ့ နွေရာသီမှာ အပူလှိုင်းဖြတ်ချိန်နဲ့ ကြုံကြိုက်နေတာမို့ ကျနော့်ခန္ဓာကိုယ်ဟာ  မီးကင်ထားသလို အသားတွေ ကျတ်ကျတ်ပူနေပါတယ်။ စစ်ကြောရေးရဲအရာရှိက ကျနော့်နောက်ခံအကြောင်းကို မေးရင်း ကျနော့်အဖေ အကြောင်းကို ရောက်သွားပါတယ်။ ကျနော်ဟာ အိပ်မက်ထဲ လမ်းလျှောက်နေသလို၊ ကွယ်လွန်သွားတဲ့ ကျနော့်အဖေကိုယ်တိုင် ကျနော့်နားမှာ ထိုင်နေသလိုလို၊ အာရုံတွေ ဝေဝါးနေပါတယ်။ တဖက်ခန်းက ကျနော့်သားရဲ့ မချိမဆံ့ ခံစားနေရတဲ့ အော်သံကို ကြားနေရပါတယ်။ “ကျနော် အခု ဘယ်ရောက်နေတာလဲ” ကျနော့်ကို စစ်မေးတဲ့ ရဲအရာရှိကို ချည့်နဲ့နေတဲ့ လေသံနဲ့ မေးမိပါတယ်။ ကျနော့်ကို စစ်ဆေးတဲ့ ရဲအရာရှိကလေးဟာ ဘေးဘီကို မျက်လုံးတောင်းမှောက် ကြည့်ရင်း… “ဘားလမ်းက . . . . .” သူ့အသံက တိုးလွန်းနေတာကြောင့် ကျနော် ကောင်းကောင်းမကြားလိုက်ပါ။ ဘားလမ်း ဆိုတာလောက်ကိုပဲ မသဲမကွဲ ကြားလိုက်ရပါတယ်။ ကျနော် နောက်တကြိမ် ထပ်မေးဖို့ ကြိုးစားနေတုန်းမှာပဲ ကျနော့်နောက်ကျောက တံခါးဖွင့်သံ ကြားလိုက်ရပြီး ရဲအရှိလေးဟာ ရုတ်တရက် အမူအရာပြောင်းကာ ဝုန်းခနဲ စားပွဲကို လက်သီးနဲ့ထုလိုက်ပြီး မတ်တတ်ထရပ်လိုက်ပါတယ်။ “ခင်ဗျားအဖေအကြောင်း မေးနေတာ” သူ့အသံက ကျားဟိန်းသလို ဟိန်းထွက်လာပါ။ ကျနော့်မှာ ထိတ်လန့်စရာ အင်အားလည်း မရှိတော့သလို ပြန်လည်တုံ့ပြန်ဖို့ ခွန်အားလည်း မရှိပါ။ သြော်… သူတို့ နောက်တယောက် ဂျူတီချိန်းပြီကိုး ဆိုတဲ့ အသိကလေးပဲ သိလိုက်မိပါတယ်။ စစ်ဆေးတဲ့သူတွေ တယောက်ပြီး တယောက်၊  ရက်တွေကလည်း တရက်ပြီး တရက်၊ နေ့ညတွေကလည်း တနေ့ပြီးတနေ့၊ တညပြီးတည။ နေ့လား၊ ညလား ခွဲခြား မသိနိုင်တော့။ ဘားလမ်း … ဘားလမ်း … ဘားလမ်း…. ဒီစကားလုံးကို ကိုစိတ်ထဲမှာ ကြားဖူးသလိုလို ။ X x x x x x x x “မင်းအဖေနဲ့ လိုက်ချင်ရင် ဟိုဆိုင်မှာရေးထားတဲ့ စာလုံးကိုပေါင်းပြ” ဖေဖေ့ ဆရာလည်းဖြစ်၊ မိတ်ဆွေရင်းချာလည်း ဖြစ်တဲ့ မုံရွာသား စာရေးဆရာ ဦးဘဝင်းက မျက်မှန်ထူကြီးပင့်၊ သူ့ငွေသွားတွေ ပေါ်အောင်ပြုံးရင်း ကျနော့်ကို စိန်ခေါ်လိုက်ပါတယ်။ ကျနော်ကလည်း LKG (မူကြို)တက်ခါစ၊ အေဘီစီ သင်ခါစ။ ဒါပေမယ့် စာလုံးပေါင်းတော့ မဖတ်တတ်သေး။ “ဘီ၊ အေ၊ အာရ် . . .  ဘီ အေ အာရ်” အက္ခရာ တလုံးချင်း ဖတ်နိုင်ပေမယ့် စာလုံးပေါင်းတော့ မဖတ်နိုင်သေးပါ။ “ဘီအေအာရ် ဘာ အသံထွက်လဲ” “ဘီအေအာရ် ဘီအေအာရ်   အင်း . . . ဖေဖေ သောက်တဲ့ အရက်ဆိုင်” ကျနော်က စာလုံးမပေါင်းတတ်ပေမယ့် ချက်ချင်း ဘာသာပြန်လိုက်ပါတယ်။ ဆရာဦးဘဝင်းက တဟားဟားရယ်ရင်း… “‘မင်း ဘာသာပြန် တော်တော် တော်တာပဲကွ၊ ရော့ ၁၀ ပြား” ကျနော့်ဘဝမှာ ပထမဆုံးနဲ့ ဘာသာပြန်ခ ၁၀ ပြားကို ဝမ်းသာအားရ ဆုပ်ရင်း တရုတ်မုန့် ၁၀ ပြားတန် ပြေးဝယ်ပါတော့တယ်။ ကျနော် အရွယ်ရောက်လို့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ကြည့်မိတိုင်း BAR ဆိုတဲ့ စကားလုံးကလေးကို မကြာခဏ မျက်စိ ရောက်သွားလေ့ရှိပါတယ်။ Bar  ပျော်ပွဲစားရုံ၊ ဟိုတယ် Bar code  ကွန်ပျူတာဖြင့် ဖတ်ရသည့် ရောင်းကုန်ပေါ်က အစင်းအမှတ်အသား Bar council  ရှေ့နေများကောင်စီ Coffee bar  ကော်ဖီရနိုင်သောနေရာ Beer bar   ဘီယာရနိုင်သောနေရာ Behind bar   ထောင်ထဲမှာ Gold bar   ရွှေချောင်း Bar  ဝတ်လုံတော်ရ၊ ရှေ့နေ Bar  စည်းဝါးကန့်သတ်ချက်ကို ပြသောမျဉ်း စသည်ဖြင့် ဘားနဲ့ပတ်သက်တဲ့ ဝေါဟာရတွေ၊ အသုံးအနှုန်းတွေကို ခရီးသွားဟန်လွှဲ လေ့လာမိပါတယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ဉာဏ်ပေါ်(မင်းလူ)၊ မျိုးရာဇာညွန့်တို့ရှိရာ ကျနော်တို့ အမြဲထိုင်တဲ့ ဘားလမ်းမုတ်ဆိတ် လက်ဖက်ရည်ဆိုင် ရောက်တိုင်းလည်း BAR ဆိုတဲ့ စကားလုံးကို သတိတရ ရှိလှပါတယ်။ ဘားလမ်းကို ဘာကြောင့် ဘားလမ်းလို့ ခေါ်တာလဲ။ ပျော်ပွဲစားရုံတွေ အများကြီး ရှိလို့လား။ နာမည်ကြီး ဘားလမ်းအချုပ် ရှိလို့လား။ ရှေ့နေတွေ စုဝေးရာနေရာ ဖြစ်လို့လား။ ဒါမှမဟုတ် တရားရုံးကို အစွဲပြုလို့လား။ ဖြစ်နိုင်ခြေ အများဆုံးကတော့ တရားရုံးရှိတဲ့လမ်းမို့ Bar street  ဘားလမ်းလို့ ခေါ်တာဖြစ်မယ်လို့ ကိုယ့်ဘာသာကိုယ် မှန်းဆ အတည်ပြု လိုက်ပါတယ်။ ကျနော့်အတွေးက ဟိုရောက် ဒီရောက်မို့ ဘယ်သူ့ကိုမှ မမေးမိပါဘူး။ ခုလို  ကမ်းနားလမ်းနဲ့ ဘားလမ်း ဆုံရာမှာရှိတဲ့ ခံ့ညားထည်ဝါတဲ့ ကိုလိုနီ အဆောက်အဦ အပေါ်ဆုံးထပ်မှာ လူမသိ သူမသိ စစ်ကြောခံနေချိန်မှာတော့ ဒီအတွေးတွေ ဝင်လာတာပါ။ နောက်မှ သူများပြောလို့ သိရတာက အဲဒီအဆောက်အဦဟာ ကိုလိုနီခေတ် ပုလိပ်ရုံးကြီးတဲ့။ စစ်ကြောရေးမှာ… “မင်းနဲ့ ဆရာဦးဝင်းတင် ဘယ်တုန်းက သိတာလဲ’” “ဘာကြောင့် သူနဲ့ တွေ့ရတာလဲ” ကျနော့်အဖေရဲ့မိတ်ဆွေ ဆရာဦးဝင်းတင်အကြောင်းကို အဓိကထား မေးတဲ့အခါ ကွယ်လွန်သွားတဲ့ ကျနော့်အဖေကို သတိရမိပါတယ်။ ကျနော် ၈ တန်းကျောင်းသားဘဝ နွေရာသီကျောင်းပိတ်ရက်မှာ ထုံးစံအတိုင်း မိသားစုနဲ့အတူ ခရီးထွက်ပါတယ်။ အဲဒီနှစ်က မော်လမြိုင်၊ ဘိတ်၊ ထားဝယ်ဘက်ကို ခရီးထွက်ကြပါတယ်။ အောင်ဇေယျသင်္ဘောနဲ့ ခရီသွားရမှာမို့ အတော်ကလေး ပျော်မိပါ တယ်။ ရန်ကုန်ကျန်းမာရေးဆိပ်ကမ်းမှာ သင်္ဘောဆိုက်ထားတုန်း အခြား စက်လှေကြီး တွေလည်း အဲဒီဆိပ်ကမ်းမှာ ဆိုက်ထားတာ တွေ့ရပါတယ်။ ကျနော်တို့ သင်္ဘောနဲ့ မလှမ်းမကမ်းမှာ ရပ်ထားတဲ့ သစ်သားကိုယ်ထည် စက်လှေကြီး တစီးမှာ OCEAN QUEEN ဆိုတဲ့ နာမည်ရေးထိုးထားပါတယ်။ အဲဒီသစ်သားစက်လှေကြီးကို ငေးကြည့်နေတုန်း ဖေဖေက… “မင်း အဲဒီနာမည် ဖတ်ပြစမ်း” လို့ ခိုင်းပါတယ်။ ကျနော်က မဆိုင်းမတွပဲ ‘အိုးရှင်းကွင်း’ လို့ အသံထွက်ဖတ်လိုက်ပါတယ်။ “ဘာသာပြန်စမ်းကွာ” ဖေဖေက နောက်တစ်ဆင့်တက် စိန်ခေါ်ပါတယ်။ “အိုးရှင်းက သမုဒ္ဒရာ၊ ကွင်းက ဘုရင်မ အဲဒီတော့ သမုဒ္ဒရာဘုရင်မပေါ့” လို့ ခတ်သွက်သွက် ဘာသာပြန်လိုက်ပါတယ်။ ဖေဖေက ကျနော့်ခေါင်းကို မနာအောင် တချက် ထုလိုက်ပြီး... “အဏ္ဏဝါဘုရင်မလို့ ပြန်ရတယ်ကွ” တဲ့။ သြော်… ဘာသာပြန်ဆိုတာ ဒီလိုပါလား။ ပါဠိဘာသာနဲ့ပြန်ရင် ပိုခံ့ညားတတ်ပါလား ဆိုတဲ့ အသိလေး ရလိုက်ပါတယ်။ နောက်ပိုင်း ကျနော် ကြီးပြင်းလာတဲ့အခါ လမ်းမှာတွေ့တဲ့ ဆိုင်းဘုတ်တွေ၊ နာမည်တွေကို ငေးရင်း မြန်မာဘာသာနဲ့တွေ့လျှင် အင်္ဂလိပ်လို ပြန်ကြည့်လိုက်၊ အင်္ဂလိပ်လို တွေ့လျှင် မြန်မာဘာသာနဲ့ ပြန်ကြည့်လိုက်နဲ့ မြင်မြင်သမျှအရာတွေ အားလုံးကို ဘာသာပြန်တမ်း ကစားနေမိပါတယ်။ စစ်ကြောရေးနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီလိုအချိန်မှာတောင် ကျနော့်ကို ဖမ်းဆီး နှိပ်စက်နေတာကို torture လို့ ဘာသာပြန်ရင် ကောင်းမလား  ill-treat  ဘာသာပြန်ရင် ကောင်းမလား၊ persecute လို့ ဘာသာပြန်ရင် ကောင်းမလားလို့ စဉ်းစားနေမိပါသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက သူတို့ပြုမူဆက်ဆံပုံနဲ့ ကျနော် ခံစားရတဲ့ ဝေဒနာကို မြန်မာ ဝေါဟာရနဲ့တောင် ရေရေရာရာ မဖော်ပြနိုင်တာမို့ အင်္ဂလိပ်လို ဘာသာပြန်ဖို့ဆိုတာ ဝေလာဝေးခဲ့ပါတယ်။ သားကြီးမောင်ဇေယျ ၁၇-၄-၂၀၁၇
4 years Ago
Up