သားကြီးမောင်ဇေယျ

March 5, 2019

စိုးရိမ်မှုစွမ်းအင်နဲ့ ပြောင်းလဲတော့မယ့် ၂၀၀၈ ဖွဲ့စည်းပုံ

ဒီရက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ အသံတွေ မြန်မာပြည်နေရာအနှံ့မှာ ကျယ်ကျယ်လောင်လောင် ပြန်ကြားနေရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာပြည်သူတွေ သိန်းနဲ့ချီ သေကျေကြတဲ့ နာဂစ်မုန်တိုင်း တိုက်ခိုက်တဲ့အချိန်၊ ၂၀၀၈ မေလမှာ အတည်ပြုလိုက်တာကြောင့် အငြင်းပွားဖွယ်ရာတွေနဲ့ ပြည့်နေပါတယ်။ ဥပဒေဆိုတာ စစ်အနိုင်ရသူတွေ ရေးဆွဲရတာဖြစ်ပြီး စစ်ရှုံးသူတွေကို ပြန်လည် နာလန်မထူရေးအတွက် ဦးတည်ရမယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံစဉ်းစား ရေးဆွဲလေ့ ရှိတယ်လို့ လူ့သမိုင်းကို လေ့လာသုံးသပ်သူ ပညာရှင်တချို့က ကောက်ချက်ချလေ့ ရှိပါတယ်။ ဒါပေမယ့် ဥပဒေပညာ လေ့လာသူတွေကတော့ ဥပဒေဆိုတာ ရိုးရာယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေက မြစ်ဖျားခံလာခဲ့တာဖြစ်တယ်၊ အဲဒီကတဆင့် ဥပဒေဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ကာ ပြစ်ဒဏ်တွေနဲ့ စည်းကြပ်တုတ်နှောင်ထားလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကတော့ ရွေးချယ်တင်မြှောက်ခံ အုပ်ချုပ်တဲ့အစိုးရနဲ့ အုပ်ချုပ်ခံ ပြည်သူတွေကြား ချုပ်ဆိုထားတဲ့ စာချုပ်တခုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစာချုပ်မှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ကို ဖော်ပြထားလေ့ ရှိပါတယ်။ အထူးသဖြင့် အုပ်ချုပ်ခံတွေရဲ့ အခြေခံအခွင့်အရေးများကို နိုင်ငံအုပ်ချုပ်သူတို့က မကျူးကျော် မစော်ကားနိုင်အောင် အဲဒီစာချုပ်မှာ စည်းတား ကာကွယ်ထားလေ့ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် လက်နက်အားကိုးနဲ့ မင်းလုပ်အုပ်ချုပ်တဲ့သူက အစိုးရနေရာမှာ ထိုင်ကာ အုပ်ချုပ်ရေးတွေ လုပ်လာတဲ့ အခါမှာတော့ ပြည်သူတွေဟာ ဖွတ်ကျောပြာစု ခရုစံကျွတ်ဘဝကို ရောက်သွားပါတော့တယ်။ လက်နက်အားကိုးတဲ့ မင်းညစ်မင်းဆိုးတွေဟာ သူတို့အုပ်ချုပ်ရေးအာဏာ အဓွန့်ရှည်ရေးအတွက် သူတို့စိတ်ကြိုက် ဥပဒေကို ရေးဆွဲလေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေဟာ သူတို့အုပ်ချုပ်ရေးအာဏာကိုသာ ကာကွယ်ထားပြီး အုပ်ချုပ်ခံ ပြည်သူတွေအတွက် ကျွန်သက်ရှည်ရေးကိုသာ ဦးတည်ထားလေ့ရှိတာ တွေ့ရပါတယ်။ ဥပဒေရဲ့ အနှစ်သာရဖြစ်တဲ့ ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ အဲဒါကြောင့် မင်းဆိုးမင်းညစ်တို့ရဲ့ ဥပဒေဟာ ဥပဒေဂုဏ်နဲ့ မညီတာကြောင့် လိုက်နာသူ မရှိရုံသာမက ဆန့်ကျင်သူများ တဖြည်းဖြည်း တိုးပွားလာပြီး နောက်ဆုံး ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ရတာ သမိုင်းဖြစ်စဉ် အမြောက်အမြားက သက်သေပြပြီး ဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့ထောက်ခံမှုကို တောင်ပြိုကမ်းပြို အနိုင်ရလိုက်ပါတယ်။ အစိုးရဖြစ်ပြီး ၂ နှစ်ကျော်အထိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လေသံတိုးတိုးကလေးသာ ဖွင့်ဟနိုင်ခဲ့ပါတယ်။ ပြည်သူများကလည်း အန်အယ်လ်ဒီအစိုးရ ကတိတည်ပါ့မလားဆိုတဲ့ သံသယတွေနဲ့ အားမလိုအားမရ ဖြစ်ကုန်ကြပါတယ်။ အခုလို သုံးနှစ်တာကာလအတွင်း ရောက်လာတဲ့အခါမှာတော့ လူထုထောက်ခံမှုတွေနဲ့ အတူ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အသံတွေဟာ မြန်မာပြည်တနံတလျားမှာ ကျယ်လောင်လာနေပါပြီ။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေး ဦးတည်ကာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဝန်ကို ထမ်းရင်း တပ်မတော်နဲ့ ရင်ကြားစေ့ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေရတဲ့ အန်အယ်လ်ဒီအစိုးရအဖို့ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ တဖက်က ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ဖို့ဟာ အဓိကတာဝန်ဖြစ်တယ်လို့ ခံယူထားတဲ့ တပ်မတော်နဲ့ အခြားတဖက်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးထိပ်ထားတဲ့ အန်အယ်လ်ဒီ အစိုးရတို့ဟာ ထိပ်တိုက်တွေ့တော့မှာလား ဆိုတဲ့ စိုးရိမ်မှုတွေဟာ နိုင်ငံရေးလေ့လာသူတွေကြားမှာ မြင့်တက်နေပါတယ်။ ဒါပေမယ့် အဲဒီစိုးရိမ်မှုတွေကို စွမ်းအင်အဖြစ် သုံးနိုင်ရင်တော့ ပိတ်နေတဲ့တံခါးတွေ အားလုံး ပွင့်ကုန်မှာ သေချာပါတယ်။ မင်းဆိုးမင်းညစ်ဒဏ်ကြောင့် ဒုက္ခနွံ အကြိမ်ကြိမ်နစ်ခဲ့ရတဲ့ ပြည်သူတွေအတွက်တော့ အင်အားတွေစုစည်း၊ စွမ်းရည်တွေမြှင့်တင်၊ မီးကုန်ယမ်းကုန်၊ နည်းစုံလမ်းစုံသုံးကာ အခက်အခဲတွေကို တရားဥပဒေဘောင်အတွင်းက ရင်ဆိုင်ရုံမှတပါး အခြားမရှိပြီ။ သားကြီးမောင်ဇေယျ
3 years Ago

December 11, 2018

မှိန်ပြပြ အလင်းရောင်အောက်က မီဒီယာ လျှောက်လမ်း

မီဒီယာလောက ကျဆုံးနေပြီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရ လက်ထက်ကထက် ပိုဆိုးနေပြီ သတင်းစာတွေ တစောင်ပြီးတစောင် ရပ်ဆိုင်းကုန်ပြီ ကြော်ငြာတွေကို အစိုးရသတင်းစာက လက်ဝါးကြီး အုပ်ထားတယ် သတင်းသိပိုင်ခွင့်တွေ မရဘူး နိုင်ငံတော်အတိုင်ပင်ခံက မီဒီယာကို အဆိုးမြင်နေတယ် ပြန်ဝန်ရဲ့ မိန့်ခွန်းဟာ ဒီမိုကရေစီလမ်းကြောင်းနဲ့ မကိုက်ညီဘူး မီဒီယာသမားတွေဟာ ငွေကြေးထောက်ပံ့သူတွေရဲ့ အလိုကို လိုက်နေရတယ် စတဲ့ အတိတ်မေ့သူတွေရဲ့ တောခြောက်သံတွေကြားမှာ ကျနော်မျိုး ယုန်သူငယ် သတင်းထောက်တယောက်ဟာ မျက်စိသူငယ် နားသူငယ်နဲ့ မပြေးတတ် မလွှားတတ်၊ မပုန်းတတ် မကွယ်တတ်။ မှန်ကန်တဲ့သတင်းစကားတွေကို အမှောင်ခေတ်ရဲ့ လမ်းပြကြယ်အဖြစ် အားပြုရင်း ပြေးလွှားခဲ့ရ။ သတင်းသမားဖြစ်ခဲ့ရ။ ခုတော့ ဆူးခြုံတွေဝန်းရံနေတဲ့ သတင်းတောနက်ထဲကို ရောက်နေပြီလား။ စိုးရိမ်စိတ်တွေက တဖွားဖွား။ မှိန်ပြပြ ဒီမိုကရေစီ အလင်းအောက်မှာ လျှောက်လမ်းတွေကို ရေးတေးတေး မြင်လာပေမယ့် လမ်းတွေက အလိမ်အကောက် အတက်အဆင်းတွေနဲ့ ရှုပ်ထွေးနေပါတယ်။ အချို့က အရှေ့ဘက်ကို ဦးတည်နေသလို အချို့က အနောက်ဘက်ကို ဦးလှည့်နေပါတယ်။ အချို့က တောင်ဘက်ကို လမ်းညွှန်နေသလို အချို့က မြောက်ဘက်ကို လမ်းပြနေပါတယ်။ အချို့လမ်းတွေက အရှေ့ဘက်ကို ဦးတည်နေပေမယ့် အနောက်ဘက်ကို ကွေ့နေပါတယ်။ အချို့က တောင်ဘက်ကို လမ်းညွှန်ထားပေမယ့် မြောက်ဘက်ကို ဦးတည်နေပါတယ်။ အချို့လမ်းတွေက ချောမွေ့တဲ့ အဆင်းလမ်း။ အချို့လမ်းတွေက ကြမ်းတမ်းတဲ့ အတက်လမ်း။ အချို့လမ်းတွေက ဖြောင့်ဖြောင့်တန်းတန်း အချို့လမ်းတွေက ကွေ့ကွေ့ကောက်ကောက်။ အချို့လမ်းတွေက ပန်းခင်းလမ်း။ အချို့လမ်းတွေက ဆူးခင်းလမ်း။ ကျေန်ာတို့ ဘယ်လမ်းကို လိုက်ကြမလဲ။ ဘယ်ကိုဦးတည်ကြမလဲ။ ဦးတည်ရာလမ်းကြောင်း (trend) ကို ရှင်းရှင်းလင်းလင်းသိထားမှ ပြဿနာ (issue) တခုချင်းဆီကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ကျော်လွှားနိုင်မယ်ဆိုတဲ့ အသိနဲ့ ရှေ့ကို တလှမ်းချင်း တိုးနေရပါတယ်။ ပင်မရေစီးအသစ်နဲ့အတူ လိုက်ပါရင်း ရလဒ်ကောင်းတွေရဖို့ ကြိုးစားရပါမယ်။ ပြဿနာတွေကို ဆန်စင်ရာ ကျဉ်ပွေ့လိုက်သလို ဖြေရှင်းမိရင်တော့ လမ်းကြောင်းတွေ၊ ဦးတည်ချက်တွေ ပျောက်ကုန်မှာ သေချာပါတယ်။ လူ့အခွင့်အရေး ပျားရည်အုပ်ထားတဲ့ အစွန်းရောက် ဘာသာရေးတွေလား တရားမျှတရေး သကာရည်လောင်းထားတဲ့ ခေတ်ပျက်သူဌေးတွေ ပြန်လည်ခေါင်းထောင်ရေးလား မျိုးချစ်စိတ် အချိုရည်ဖုံးထားတဲ့ လက်နက်ကိုင်ရမ်းကားခွင့်တွေလား ဒီလမ်းတွေကို မလိုက်မိဖို့ သတိကြီးကြီးထားနေရ။ အခွင့်ရေးသမားတွေ ပစ်လွှတ်တဲ့ မီးရှူးမီးပန်း အလင်းတုအောက်က အသူရာချောက်ထဲ ဆင်းမယ့် လမ်းတွေကို ရှောင်ကွင်းရင်း သခင်ကိုယ်တော်မှိုင်း၊ ဂျာနယ်ဂျော်ဦးချစ်မောင်၊ အယ်ဒီတာကိုအောင်ဆန်း၊ ဗန်းမော်တင်အောင်၊ ဟံသာဝတီ ဦးဝင်းတင် တို့ရဲ့ လျှောက်ခဲ့တဲ့ ခြေရာအတိုင်း ထပ်ချပ်မခွာ လျှောက်လှမ်းဖို့ ကြိုးစားနေရ။ အချို့လမ်းတွေက အရှေ့ဘက်ကို ဦးတည်နေပေမယ့် အနောက်ဘက်ကို ကွေ့နေပါတယ်။ အချို့က တောင်ဘက်ကို လမ်းညွှန်ထားပေမယ့် မြောက်ဘက်ကို ဦးလှည့်နေပါတယ်။ မှိန်ပြပြ ဒီမိုကရေစီ အလင်းရောင်အောက်မှာ လျှောက်လမ်းတွေကို ဝေဝေဝါးဝါး မြင်နေရပါပြီ။ အရှေ့မှာ အရုဏ်ဦးအလင်း။ အမှောင်ကိုနှုတ်ဆက်လို့ ထွက်ခဲ့ပြီ။ သားကြီးမောင်ဇေယျ
3 years Ago
More News
Up