သားရေအိတ်

February 24, 2019

ဖြတ်ရမယ့်ခြေထောက်ကို သားရေအိတ် အသွင်ပြောင်းလိုတဲ့ အင်္ဂလန်အမျိုးသမီး

ရှောင်လွဲလို့မရတဲ့ အနေအထားတခုမှာ ခြေထောက်တဖက်ကို ဖြတ်ပစ်ရတော့မယ်ဆိုရင် လူတော် တော်များများက ထိတ်လန့်သွားကြမှာ သေချာပါတယ်။ ဒါပေမယ့် မထိတ်လန့်တဲ့ လူတွေလည်း ရှိနေပါသေးတယ်။ ဂျိုအန်ဟာ မန်ချက်စတာမြို့မှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတဦး ဖြစ်ပါတယ်။ ဂျိုအန်ဟာ အာရုံကြောဆိုင်ရာ ဝေဒနာတခုကို ခံစားနေရပြီး ဒီရောဂါကြောင့် သူမဟာ ဘယ်ဘက်ခြေ ထောက်ကို ဖြတ်ပစ်ရပါတော့မယ်။ ဒီအခြေအနေက လူတိုင်းအတွက် တုန်လှုပ်စရာ ကိစ္စဖြစ်ပြီး ဂျိုအန်ကိုလည်း တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို ဂျိုအန်က အကောင်းဆုံး ကျော်ဖြတ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဘယ်ဘက်ခြေထောက်ကို ဖြတ်ပစ်ရမယ့်အတူတူ ဂျိုအန်က သူ့အတွက် အကျိုးရှိစေမယ့် အရာကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြတ်ပစ်ရမယ့် ခြေထောက်ကနေ ရရှိမယ့် သားရေနဲ့ အိတ်လုပ်ပေးမယ့် ပညာရှင်ကို ရှာဖွေနေတယ်လို့ OC သတင်းကပြောပါတယ်။ ဒါဟာ ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုဖြစ်ပြီး ဂျိုအန်ဟာ သူ့ကို အိတ်လုပ်ပေးမယ့် ပညာရှင်ကို Sewport ကနေ ရှာဖွေနေတယ်လို့ သိရပါတယ်။ Sweport ဟာ ထုတ်လုပ်သူတွေနဲ့ ဝယ်သူတွေကို ချိတ်ဆက်ပေးတဲ့ အွန်လိုင်း ဝက်ဆိုက်တခုဖြစ်ပြီး ဂျိုအန်ရဲ့ အမှာစာကို ဆောင်ရွက်ပေးနိုင်မယ့် သူ့ကိုကူညီ ရှာဖွေပေးနေပါတယ်။ သာမာန်ဆို ဒီလိုထူးထူးဆန်းဆန်းဖြစ်ရပ်မျိုးကို လက်ခံလေ့မရှိပေမယ့် ဂျိုအန်ရဲ့ ဖြစ်ရပ်နဲ့ တောင်းဆိုချက်တွေဟာ ယုတ္တိရှိတယ်လို့ ယူဆတာကြောင့် ကူညီရှာ ဖွေပေးနေတာလို့ Sewport ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ “ရှင်တို့အနေနဲ့ ဒီစိတ်ကူးကို ရူးကြောင်ကြောင်နိုင်တယ်။ အဓိပ္ပာယ်မရှိဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါဟာ ကျမခန္ဓာကိုယ်အစိတ် အပိုင်းပါ။ ဒါကိုစွန့်ပစ်ပြီး တခြားနေရာမှာပုပ်သိုးသွားမှာထက်စာရင် တနည်းနည်းနဲ့ ကျမခြေထောက်ကို သိမ်းထားချင်ပါတယ်” လို့ ဂျိုအန်က ရေးသားထားတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျိုအန်ဟာ သူရဲ့ခြေ ထောက်က သားရေနဲ့ အိတ်လုပ်ပေးမယ့် ပညာရှင်ကို အပူတပြင်းရှာဖွေနေပြီး ဒီပရောဂျက်အတွက် ဘတ်ဂျတ်ကိုလည်း ပေါင် ၃၀၀၀ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘတ်ဂျက်က အဓိကမကျဘဲ သူ့အတွက် အမှန်တကယ် ဆောင်ရွက်ပေးမယ့်လူဆိုရင် ဈေးနှုန်းကို ညှိနှိုင်းပေးဖို့ အသင့်ပဲလို့ ဆိုပါတယ်။ ဂျိုအန်က ဒီလိုထူးထူးဆန်းဆန်းစိတ်ကူးကို မိခင်ရဲ့ ဆံပင်တွေကို အဝတ်အစားချုပ်ပေးဖို့ တောင်းဆိုခဲ့တဲ့ အမျိုးသမီးတယောက်ဆီကနေ ရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဖြတ်တောက်ပစ်မယ့် ခြေထောက်ကို သူမထိန်းသိမ်းခွင့်ရှိမရှိသေချာစေဖို့ ဆေးရုံနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
2 years Ago
Up