သားပေါက်ခွေးမကြီးကို ရိုက်သတ်ခဲ့သည့် အမျိုးသား ဖမ်းဆီးခံရ

September 14, 2017

သားပေါက်ခွေးမကြီးကို ရိုက်သတ်ခဲ့သည့် အမျိုးသား ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ သားပေါက်ခွေးမကြီးတကောင်ကို စားသောက်ဖို့ ရည်ရွယ်ချက်နဲ့ ရိုက်သတ်ခဲ့တဲ့ အမျိုးသားတဦးကို အိမ်နီးချင်းတွေက ဝိုင်းရိုက်နှက်ခဲ့အပြီးမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲအရာရှိ နီတိသွန် သူရာဂလက်တ်က ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ရာယောင်ခရိုင်၊ ဖလုခ်ဒါအန်း ဒေသတွင်းမှာ စက်တင်ဘာ ၁၂ ရက် ညပိုင်းက ဖြစ်ခဲ့တာပါ။ ပြစ်မှုကျူးလွန်သူ အသက် ၃၂ နှစ်အရွယ် ကမ်ပါ ဆွမ်ဆီရိဟာ နို့တိုက်နေတဲ့ ခွေးမကြီးရဲ့ ဦးခေါင်းကို တူရွင်းနဲ့ ရက်ရက်စက်စက် ရိုက်ခဲ့ချိန်မှာ အနီးနား မျက်မြင်သက်သေတွေက ဝင်ရောက်တားဆီးခဲ့ကြရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။ အိမ်နီးချင်းတွေဟာ သူ့အနီးက ခွေးမကြီးရဲ့အလောင်းကို ဆွဲထုတ်ဖို့ ကြိုးစားရင်း ဒေါသတကြီး ရိုက်နှက်ခဲ့ကြလို့ တရားခံရဲ့မျက်နှာမှာ သွေးထွက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ကို ငှားရမ်းနေထိုင်တဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု၊ ခိုးမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပေမယ့် သူကတော့ အပြစ်မရှိကြောင်း ငြင်းဆန်ထားပါတယ်။
4 years Ago
Up