အိန္ဒိယဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့အကျော်ကြားဆုံး မင်းသားကြီး အမီတာဘတ်ချန်းဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရပါတယ်။
ဆေးစစ်ခံလိုက်တော့ သူ့မှာ ကူးစက်မှု ဖြစ်နေတယ်လို့ မင်းသားကြီးက ပြောပါတယ်။ သူ့သား အဘီရှက်ဘတ်ချမ်းလည်း ကူးစက်ခံထားရတယ်လို့ တွစ်တာမှာ ဖော်ပြထားပါတယ်။
မင်းသားကြီး ဘတ်ချန်းနဲ့သူ့သားဟာ လက်ရှိမှာ မွန်ဘိုင်းက နာနာဝတီဆေးရုံမှာ တက်နေ ပြီး ရောဂါလက္ခဏာ မပြင်းထန်ဘူးလို့ သိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာနေပြီး ဇူလိုင် ၁၁ ရက်မှာပဲ အတည်ပြုလူနာစာရင်း ၈ သိန်း ၂ သောင်း ၁ ထောင်နီးပါးရှိလာနေတာပါ။
အိန္ဒိယဟာ ကမ္ဘာ့တတိယမြောက် ကူးစက်ခံလူနာ အများဆုံးနိုင်ငံလည်း ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
မင်းသားကြီးက ကျန်ခဲ့တဲ့ ဆယ်ရက်အတွင်း သူနဲ့ နီးနီးကပ်ကပ်တွေ့ဆုံခဲ့သူ အားလုံး ဆေးစစ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဘတ်ချန်းမိသားစုထဲက သားသမီးနဲ့ ချွေးမ မယ်ကမ္ဘာဆုရှင် ရုပ်ရှင်မင်းသမီး အက်ရှ် ဝါယာရာရိုင်တို့ကတော့ ရောဂါပိုး မတွေ့ထားဘူးလို့ ဒေသခံ မီဒီယာက ဆိုပါတယ်။
ဘတ်ချမ်းသားအဖ နေပြန်ကောင်းလာစေဖို့ လူမှုကွန်ရက်တွေမှာ လူအမြောက်အမြားက ဆုတောင်းပေးခဲ့ကြပါတယ်။
“အမိတာဂျီးရေ ခင်ဗျားဟာ ဒီနိုင်ငံက လူသန်းချီရဲ့စံပြပုဂ္ဂိုလ်ပါ။ ခင်ဗျားကို ကျနော်တို့ အားလုံး ကောင်းကောင်း စောင့်ရှောက်ပါ့မယ်။ အမြန်နေပြန်ကောင်းလာစေဖို့ အကောင်းဆုံး ဆုတောင်းပေးပါတယ်” လို့ အိန္ဒိယကျန်းမာရေး ဝန်ကြီးကလည်း ဆုတောင်းပေးခဲ့ပါတယ်။
8 months Ago