သားသမီး ၁၃ ဦးကို

January 19, 2018

သားသမီး ၁၃ ဦးကို နှိပ်စက်ညဉ်းပန်းမှုဖြင့် ဖမ်းခံရသည့် ဇနီးမောင်နှံ အပြစ်မရှိဟု ငြင်းဆို

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ သားသမီး ၁၃ ယောက်ကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဇနီးမောင်နှံက သူတို့မှာ အပြစ်မရှိကြောင်း ရှေ့နေကတဆင့်  ငြင်းဆန်လိုက်ပါတယ်။ တရားခံအဖြစ် စွပ်စွဲခံထားရသူ နှစ်ဦးစလုံးဟာ တရားရုံးကြားနာမှုတလျောက်လုံးမှာ  စကားတခွန်းမှ မပြောခဲ့ ကြပါဘူး။ တရားသူကြီး မိုက်ကယ်ဒွန်နာကတော့ တရားခံတယောက်ကို အာမခံကြေး အမေရိကန်ဒေါ်လာ ၁၂ သန်းစီ သတ်မှတ်ခဲ့ပြီး နောက်တကြိမ် ကြားနာတာကို ဖေဖော်ဝါရီ ၂၃ ရက်မှာ လုပ်မယ်လို့ အမိန့်ချခဲ့ပါတယ်။ ဒေးဗစ်တာပင်နဲ့ သူ့ဇနီးလူးဝစ်တို့ဟာ ကလေးတွေအပေါ် နှိပ်စက်ညှင်းပန်းမှု၊ ချုပ်နှောင်ထားမှု စတဲ့ စွပ်စွဲချက် တဒါဇင်နီးပါးနဲ့  ရင်ဆိုင်နေရပြီး ပြစ်မှုကျူးလွန်တယ်လို့ ထင်ရှားရင် ထောင်ဒဏ် ၉၄ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် သူတို့သမီးဖြစ်သူက သူနဲ့ကျန်တဲ့ မောင်နှမ ၁၂ ယောက်ကို အိမ်ထဲမှာ မိဘတွေက ဖမ်းထားတယ်လို့ ရဲကို သတင်းပေးဖုန်းဆက်ခဲ့အပြီးမှာ ရဲတပ်ဖွဲ့က သူတို့ ဇနီးမောင်နှံကို ဇန်န၀ါရီ ၁၄ ရက်နေ့ကတည်းက ဖမ်းထားတာပါ။ “ကျနော့် အမှုသည်တွေဟာ အပြစ်မရှိကြဘူးလို့ ယူဆပါတယ်။ ဒါက သိပ်ကို အရေးကြီးပါတယ်။ ခင်ဗျားတို့လည်း ဒီလိုပဲ မှတ်ယူစေချင်ပါတယ်။ ကျနော်ရော ကျနော့်အမှုသည်တွေကိုရော ဒီလိုပဲ ခံယူထားပါတယ်။  ဒုတိယအနေနဲ့ အမှုသည်တွေအတွက် ကျနော်တို့ ရုံးတော်မှာ  ရဲရဲဝင့်ဝင့် ရပ်တည်ရင်ဆိုင်ပေးသွားမှာပါ။  မီဒီယာရှေ့မှာ ရင်ဆိုင်မှာမဟုတ်ပါဘူး” လို့ ရှေ့နေ ဒေးဗစ်မာချာက ပြောသွားပါတယ်။
3 years Ago
Up