သားသမီး

December 1, 2018

သားသမီး ရိုက်နှက်ဆုံးမခွင့် ပြင်သစ်တွင် တားမြစ်

ပြင်သစ်နိုင်ငံမှာ သားသမီးရိုက်နှက်ခွင့်တားမြစ်မှုကို နိုဝင်ဘာလ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေမဲ ၃ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ ဒီဟာ ၁၈ဝဝ ခုနှစ် အစောပိုင်း ဧကရာဇ် နပိုလီယန် လက်ထက်က ခွင့်ပြုခဲ့တဲ့ သားသမီးရိုက်နှက် ဆုံးမခွင့်ကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲဖြစ်ပါတယ်။ အဲဒီလို တားမြစ်ဖို့ကို ကျား-မ တန်းတူညီမျှရေး ဝန်ကြီး မာလင်းရှဲပါက အဆိုပြုပြီး သူက မိဘစကားနားထောင်အောင် သားသမီးတွေကို အော်ငေါက် ရိုက်နှက် ဆုံးမတာ မှားယွင်းတဲ့ နည်းလမ်းဖြစ်တယ်လို့ လူပဲ ဟဇ်ယွန်း သတင်းစာကို ပြောခဲ့ပါတယ်။ အဲဒီလို မိဘတွေရဲ့ ရိုက်နှက်ဆုံးမမှု တားမြစ်ချက်ကို ပြင်သစ်သမ္မတကတော် ဘရစ်ဂျစ် မာခွန်းက ထောက်ခံခဲ့ပေမယ့် ကွန်ဆာဗေးတစ်တချို့နဲ့ လက်ယာစွန်း အမတ်တွေက ဒါဟာ မိသားစုကိစ္စတွေကို ဝင်ရောက်နှောင့်ယှက်တာဆိုပြီး ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ အဲဒီ တားမြစ်ချက်နဲ့ ပတ်သက်လို့ မိခင် တဦးဖြစ်တဲ့ ကာရီမာ မာလန်က “ကျမငယ်ငယ်ကတော့ အရိုက်ခံရရင် အပိုးကျိုးတယ်။ ကျမကို တချက်နှစ်ချက်လောက် ဆော်လိုက်ရင် ကျမ မှားမှန်း သဘောပေါက်သွားတယ်” လို့ ပြောပါတယ်။ ကလေး ၃ ယောက်ဖခင် ယွတ်စ်မက်ကျင်က “ကျနော့်မှာ သားသမီး ၃ ယောက် ရှိတယ်။ ပါးစပ်နဲ့ ပြောပြီး ဆုံးမလို့ ရပါတယ်ဗျ။  အသက် ၄ဝ အရွယ်က တယောက် ၊ ၃၆ နှစ် တယောက်၊ အသက် ၃ဝ တယောက်။ သူတို့အခု ကြီးပွါးနေကြပြီ။ ကျနော် သူတို့ကို တခါမှ မရိုက်ဖူးဘူး” လို့ သူ့အမြင်ကို ပြောခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်က ဆွီဒင်နိင်ငံမှာ ပြဋ္ဌာန်းခဲ့တဲ့ တားမြစ်ချက်ကို လိုက်နာပြီး အီးယူအဖွဲ့ဝင် ၂၂ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ အလားတူ “မိဘက သားသမီးအပေါ် ရိုက်နှက်ဆုံးမတာကို တားမြစ်တဲ့ ဥပဒေတွေ” ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အခုလို ရိုက်နှက်ဆုံးမမှုကို တားမြစ်တဲ့အနေနဲ့ ပြင်သစ်အစိုးရဟာ မိဘတွေရဲ့ ရိုက်နှက်ဆုံးမမှုအကြောင်း အစီရင်ခံစာ ပြုလုပ်ပြီး မိဘတွေကို ပညာပေးမယ့်အစီအစဉ်တွေ အဆိုပြုသွားမယ်လို့ သိရပါတယ်။။
2 years Ago

January 16, 2018

သားသမီး ၁၃ ဦးကို အာဟာရပြတ်သည်အထိ လှောင်ပိတ်ထားသည့် မိဘ ၂ ဦးအား ဖမ်းဆီး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ရဲတပ်ဖွဲ့ဟာ ဖာရစ်ဇ်မြို့ထဲက အိမ်တလုံးအတွင်း သားသမီး ၁၃ ဦးကို အာဟာရပြတ်တဲ့အထိ လှောင်ပိတ်ထားတဲ့ မိဘနှစ်ဦးကို ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အဖမ်းခံလိုက်ရသူတွေဟာ ဒေးဗစ်အယ်လန်တာပင်နဲ့ လူးဝစ်အန်နာတာပင်တို့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လှောင်ပိတ်ခံရသူတွေဟာ အသက် ၂ နှစ်ကနေ ၂၉ နှစ်အထိ ရှိသူတွေဖြစ်ပြီး တချို့ဟာ အိပ်ယာတွေမှာ သံကြိုးနဲ့ အတုပ်ခံထားရတယ်လို့ ရေးဗားဆိုက် ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦးဟာ အဲဒီအိမ်ထဲကနေ ထွက်ပြေးလွတ်မြောက် ပြီးတဲ့နောက် တခြားလူတွေ လှောင်ပိတ်ခံထားရတာကို အိမ်ထဲမှာတွေ့တဲ့ လက်ကိုင်ဖုန်းကနေ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တဲ့အတွက် အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ အဖမ်းခံရတဲ့ တာပင် ဇနီးမောင်နှံဟာ ပတ်ဝန်းကျင်နဲ့ အဆက်အဆံ ကင်းသူတွေဖြစ်ပြီး သူတို့နှစ်ဦးကို ကလေးသူငယ် အန္တရာယ်ဖြစ်စေမှု ၁၀ မှု၊ နှိပ်စက်ညှဉ်းပန်းမှု ၉ မှုနဲ့ တရားစွဲထားပါတယ်။ သူတို့ တယောက်ချင်းစီအတွက် အမေရိကန်ဒေါ်လာ ၉ သန်းစီနဲ့ အာမခံပေးဖို့လည်း အမိန့်ထုတ်ခံထားရပါတယ်။
3 years Ago
Up