သားဖွားမီးယပ်

February 22, 2019

မြင်းခြံ သားဖွားမိယပ်​နှင့်က​လေးကုသ​ဆောင်​သစ်​ကို အလှူရှင်က လွှဲပြောင်း​ပေးအပ်

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့ ပြည်​သူ့​ဆေးရုံကြီးဝန်းအတွင်းရှိ သုခိတာ သားဖွားမီးယပ်​နဲ့ ​မွေးကင်းစက​လေးကုသ​ဆောင်​သစ်​ သုံးထပ်​​ဆောင်​ကို ကျန်းမာ​ရေးနဲ့ အားကစားဝန်​ကြီးဌာနထံ အလှူရှင်က  မနေ့က လွှဲပြောင်း​ပေးအပ်​လိုက်ပါတယ်​။ အလျား ၁၁၀ ​ပေ၊ အနံ ၅၈ ​ပေ၊ အမြင့်​ ​ပေ ၄၀ ရှိတဲ့ သုံးထပ်ဆောင်သစ်ကို ၂၀၁၇ ကစတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး မြင်းခြံမြို့ သုခိတာ​ဆေးလိပ်​လုပ်​ငန်းမိသားစုက ကျပ်​သိန်း​ပေါင်း ​၆၀၀၀ ကျော် အကုန်ကျခံ လှူဒါန်းတာပါ။ သုခိတာ​ဆေးလိပ်​လုပ်​ငန်းမှ ​ဒေါ်ချိုချိုဝင်းက "၂၀၀၂ ခုနှစ်​ကလည်း မြင်းခြံပြည်​သူ့​ဆေးရုံကြီးမှာ သားဖွားမီးယပ်​​ဆေးရုံ ၁ ထပ်​​ဆောင်​ကို လှူဒါန်းခဲ့ပါတယ်​။ ၂၀၁၅ ခုနှစ်​​လောက်​မှာ သားဖွားမီးယပ်​​ဆောင်​မှာ ​မွေးလူနာ​တွေအရမ်းများ​နေတယ်၊​ စင်္ကြန်​လမ်း​တွေမှာ ထားရတယ်​လို့ သိရ​တော့ အဲ့ဒီအချိန်ကတည်း ​ဆောက်​လုပ်လှူဒါန်းဖို့ ရည်​ရွယ်​ခဲ့​ပေမယ့် အ​ကြောင်းအမျိုးမျိုး​ကြောင့် မ​ဆောက်​လုပ်​ဖြစ်​ခဲ့ဘူး။ ၂၀၁၇ ခု​ရောက်​တဲ့အခါမှာ လှူဒါန်းဖြစ်​ခဲ့တာပါ။ မိခင်​​လောင်းများနဲ့ အနာဂတ်​ရဲ့မျိုးဆက်​သစ်​​လေး​တွေအတွက်​ အုပ်​တချပ်​ သဲတပွင့်အဖြစ်​ ကူညီ​ဆောင်​ရွက်​ခွင့်ရလို့ ဝမ်းသာပီတိဖြစ်​ရပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ သုံးထပ်ဆောင်​သစ်​ လွှဲပြောင်း​ပေးအပ်​ လှူဒါန်းပွဲကို​ မန္တ​လေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်နဲ့ အစိုးရအဖွဲ့ဝင်​တွေ၊ မြင်းခြံ​ဆေးရုံမှ ဆရာဝန်​ ဆရာမတွေ၊ လူမှုပရဟိတအသင်းတွေနဲ့ ရပ်​မိရပ်​ဖတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာမြင့်ထွေးက ကလည်း​ဆေးရုံအတွက်​ လိုအပ်​တဲ့ ပစ္စည်း​တွေကို ပံ့ပိုး​ပေးသွားမှာဖြစ်ပြီး အ​ရေးကြီးဆုံးက ​ဆေးရုံအတွင်းအပြင်​ သန့်​ရှင်း​ရေးနဲ့ ​ရေအိမ်​သာ​တွေသန့်​ရှင်းဖို့က အ​ရေးကြီးတယ်လို့ ပြောပါတယ်။ သတင်းနှင့်ဓာတ်​ပုံ - ရီရီထွန်း (မြင်းခြံ)
2 years Ago
Up