သားပိုက်ကောင်ကို ဝါးမျိုပြီး မိကျောင်းတကောင်အလား ထင်မှတ်မှားခဲ့ရသည့် စပါးကြီးမြွေ

May 2, 2017

သားပိုက်ကောင်ကို ဝါးမျိုပြီး မိကျောင်းတကောင်အလား ထင်မှတ်မှားခဲ့ရသည့် စပါးကြီးမြွေ (ရုပ်သံ)

သြစတြေးလျနိုင်ငံမှ အမျိုးသမီးတဦးဟာ အရွယ်ရောက်ပြီး သားပိုက်ကောင် တကောင်လုံးကို ဝါးမျိုထားခဲ့တဲ့ စပါးကြီးမြွေတကောင်ကို တွေ့မြင်လိုက်ရချိန်မှာ ထိတ်လန့် အံ့သြစိတ်နဲ့ မလှုပ်ရှားနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကွင်းစ်လန်ပြည်နယ်ထဲက သူ့အိမ်အနောက်ဘက်ခြံထဲမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ရီနီ စတင်းဝင်ကဲလ်ကို အိမ်နီးချင်းက ခြံစည်းရိုးပေါ်ကနေ ဒါဟာ မိကျောင်းတကောင်ဖြစ်နိုင်တယ်လို့ အော်ပြီး သတိပေးခဲ့တာပါ။ နောက်ဆုံးမှာတော့ ဒါဟာ မိကျောင်းတကောင်မဟုတ်ဘဲ အရွယ်ရောက်ပြီးတဲ့ ဝေါလဘီသားပိုက်ကောင်တကောင်ကို ဝါးမျိုထားခဲ့တဲ့ စပါးကြီးမြွေတကောင်ဖြစ်နေခဲ့တာကို တွေ့ရှိခဲ့ကြရတာပါ။ မြွေဖမ်းသမား လာရောက်ခဲ့ချိန်မှာတော့ မြွေကြီးဟာ မလှုပ်ရှားနိုင်တော့ဘဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။ သားပိုက်ကောင်ကို ဝါးမျိုထားခဲ့ချိန် စပါးကြီးမြွေရဲ့ အလေးချိန်ဟာ ၄၀ ကီလိုဂရမ်လောက် ရှိနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြွေဖမ်းသမားက မြွေကြီးကို ချုံပုတ်ထဲကနေ ဆွဲထုတ်ခဲ့ရတာကို တွေ့ရပါတယ်။ သားပိုက်ကောင်တကောင်လုံးကို ဝါးမျိုထားခဲ့တဲ့အတွက် သူ့ရဲ့ဝမ်းဗိုက် အလယ်ပိုင်းဟာ ဖောင်းကားနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။
4 years Ago
Up