သားငယ်ကို တေးဆိုချော့သိပ်သည့် ဖခင်ရုပ်သံ တကျော့ပြန်ရေပန်းစား

August 5, 2016

သားငယ်ကို တေးဆိုချော့သိပ်သည့် ဖခင်ရုပ်သံ တကျော့ပြန်ရေပန်းစား

မွေးကင်းစကလေးငယ်ကို အိပ်ပျော်စေဖို့ ချော့သိပ်ရတဲ့ အလုပ်ဟာ ညားကာစ စုံတွဲမိဘတွေအတွက် မလွယ်ကူလှပါဘူး။ တချို့ကတော့ နူးညံ့တဲ့ အခင်းအကျင်း အိပ်ရာအပြင်အဆင်တွေ၊ ကလေးငယ်တွေ သဘောကျနှစ်ခြိုက်စေမယ့် ဂီတသံတွေ၊ ညမီးရောင်မှိန်မှိန်တွေနဲ့ ချော့မြှူသိပ်ဖို့ ကြိုးစားကြလေ့ ရှိပါတယ်။ နေသန်တေလာပလက်တ်စ်ကတော့ သူ့ရဲ့သားငယ်ကို ချစ်စရာကောင်းတဲ့ နည်းလမ်းတခုကို အသုံးပြုပြီး ချော့သိပ်ခဲ့တာပါပဲ။ သူဟာ စန္ဒရားတီးပြီး သီချင်းဆိုကာ သားငယ်ကို ပွေ့ချီထားပြီး ချော့သိပ်ခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၂၀၁၃ ခုနှစ်မှာ ဇနီးဖြစ်သူက ရိုက်ကူးခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ တကျော့ပြန် ရေပန်းစားနေခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ နေသန်တေလာပလက်တ်စ်ဟာ လန်ဒန်မြို့မှ ဂီတပညာရှင်တဦးဖြစ်ကာ ပင့်ခ်ဖလွိုက်ဒ်ရဲ့ သီချင်းတပုဒ်နဲ့ ချော့သိပ်ခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ကြည်နူးစရာ ကောင်းလှပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်အစမှာ သီချင်းမဆိုခင် သူဟာ သားငယ်ကို “အိပ်တော့မလား၊ သား။ ဒါမှမဟုတ် တညလုံးမအိပ်ဘဲ စူးစူးဝါးဝါး အော်နေချင်သလား” လို့ မေးခဲ့တာပါ။ အဲဒီနောက်မှာတော့ သူက “ပင့်ခ်ဖလွိုက်နားထောင်မလား၊ ဒါမှမဟုတ် ဟင်းဒရစ်စ်လား၊ ၀မ်းဒါရိုက်ရှင်လား” လို့ ဆက်မေးခဲ့တာပါ။ သာယာငြိမ့်ညောင်းတဲ့ သီချင်းသံနဲ့ စန္ဒရားတီး သီဆိုအပြီးမှာတော့ ကလေးငယ်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါတယ်။
5 years Ago
Up