သာသနာရေးဝန်ကြီး

December 8, 2018

သာသနာရေးဝန်ကြီးကို အကြီးအကဲများ ခေါ်ယူသတိပေး

အခြားဘာသာကြီးတခုလို့ သုံးနှုန်းပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို အကြီးအကဲတွေက ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။ နေပြည်တော်ရှိ သမ္မတရုံးမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။ “ဒီဟာကတော့ ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီးဌာနက သူပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ထုတ်ထားတယ်လို့ သိရပါတယ်။ ပြောကြားခဲ့တဲ့ ကိစ္စကတော့ အကြီးအကဲတွေ ခေါ်ယူတွေ့ဆုံပြောထားပြီးပြီ ဖြစ်တယ်။ အဓိကကတော့ ကျနော်တို့ ဌာနဆိုင်ရာ မီဒီယာတွေနဲ့ တွေ့ဆုံပြောကြားတဲ့အခါမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒကို ကင်းလွတ်လို့မရဘူး၊ ပုဂ္ဂလိက တဦးချင်း ပြောကြားချက်နဲ့ နိုင်ငံတော်ရဲ့ မူဝါဒ ခွဲခြားသိဖို့လိုတယ်။ ကျနော်တို့ ဆိုင်ရာဆိုင်ရာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြောကြားရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်လို့ ဖြေချင်တယ်။” အကြီးအကဲ ဘယ်သူတွေက ခေါ်ယူတွေ့ဆုံခဲ့တယ်ဆိုတာတော့ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းမရှိပါဘူး။ ၀န်ကြီး သူရဦးအောင်ကိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က မြိုင်ကြီးငူဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနအခမ်းအနားမှာ တခြားဘာသာကြီးတခုက ဇနီး ၃ / ၄ ဦးယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်ဆိုပြီး ဆရာတော်တွေကို လျှောက်ထားခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ပြည်တွင်း မွတ်စလင်တွေကို ရည်ညွှန်းတာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေကို ဆိုလိုတာလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က မီဒီယာတွေကို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ၀န်ကြီး သူရဦးအောင်ကို ပြောကြားခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလအတွင်း    ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဒုက္ခသည်တွေ ပြန်လာရေးအတွက် နှစ်နိုင်ငံ သဘောတူထားတဲ့ စာချုပ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေကို ဦးစားပေးခေါ်ယူလိုကြောင်းလည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2 years Ago

February 26, 2018

အန္တရာယ်ကြီးမားသည့် အမျိုးသားရေးပြဿနာ ပေါ်လာနိုင်ဟု သာသနာရေးဝန်ကြီး ပြော (ရုပ်သံ)

  အဓမ္မဝါဒီ သံဃာတော်တွေကြောင့် မြန်မာနိုင်ငံမှာ အမျိုးသားရေးပြဿနာ ပေါ်ပေါက်လာ နိုင်ပြီး အဲဒီကိစ္စရင်ဆိုင်နိုင်ဖို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နှက်ကိုင်၊ သံဃာအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ညီညွတ်တဲ့ စည်းလုံးမှုရှိဖို့ မဖြစ်မနေ လိုအပ်နေတယ်လို့ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။ “အဲဒီအွန်လိုင်းကကော၊ စာနဲ့ကော၊ နှုတ်နဲ့ကော တရားမဲ့ ပြောဆိုမှုတွေ၊ တိုက်တွန်းမှုတွေ၊ နှိုးဆော်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီ ရဟန်းသံဃာတွေကို အခြေခံ အုပ်ချုပ်တဲ့ သံဃာအဖွဲ့အစည်းတွေကို စာနဲ့ လျောက်တင်ပါတယ်။ ဒါသည် အဓမ္မဝါဒဖြစ်ပါတယ်။ ဒါတွေကို ဆရာတော်တို့ အဖွဲ့အစည်းအနေနဲ့ ထိန်းကြောင်းပဲ့ပြင်၊ ဆုံးမပေးပါလို့ တင်ပြလျှောက်ထားပါတယ်။ မှတ်တမ်းရှိပါတယ်။ ဒါက တသက်လုံး မနေပါဘူး။ ဒီအတွက်ကိုလည်း ပြည်သူလူထုရဲ့ တောင်းဆိုလာမှု ပိုပိုညံလာပါတယ်။ သို့သော် ခုနက ပြောသလိုပေါ့ နောက်က ကိစ္စ လျှော့တွက်လို့ မရပါဘူး။ နောက်ကကိစ္စက ဒီထက်ကို ကြီးကျယ်လာနိုင်ပါတယ်။ အမျိုးသားရေးကိစ္စကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကို ရင်ဆိုင်နိုင်ဖို့ အတွက်ကို သံဃာ့အဖွဲ့အစည်းတွေ၊ တပ်မတော်၊ အစိုးရ၊ ပြည်သူတင်မကဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်လာပါတယ်။ အဲဒီလို မတည်ဆောက်ရင်တော့ သမိုင်းနောင်တတွေ ကောင်းကောင်းရသွားပါမယ်။” လူသတ်သမားကို ထောက်ခံပြောဆို အားပေးထားတဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ သံဃာတွေနဲ့ ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး  ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြန်လည်ဖြေဆိုခဲ့တာပါ။
3 years Ago
More News
Up