သာယာဝတီတွင်

December 9, 2017

သာယာဝတီတွင် ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင် မြို့မြို့မ(၁)အထကကျောင်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ကမ္ဘာ့ခုခံအားကျဆင်းမူ ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနနဲ့ ခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါတယ်။ စေတနာအားမာန် ကျန်းမာရေး စောင့်ရှောက်မူအသင်း နာယက ဦးမန်းကြီးက “ကျနော်တို့ ဒီလိုပွဲတွေကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး နှစ်စဉ်ကျင်းပပါတယ်။ ဒီလိုပွဲတွေ ကျင်းပခြင်းအားဖြင့် HIV/AIDS ရောဂါအကြောင်းကို လူတိုင်းသိရှိပြီး ပါဝင်စောင့်ရှောက်ခြင်းအားဖြင့် ရောဂါကူးစက်ပြန့်ပွားနူန်း ကျဆင်းစေပြီးတော့ ခွဲခြားဆက်ဆံမူ ပပျောက်စေချင်တဲ့ဆန္ဒနဲ့ အခုလိုကျင်းပတာပါ။ လက်ရှိမှာလည်း ကျနော်တို့ စေတနာအားမာန်အဖွဲ့ကနေပြီး AIDS ရောဂါသည်တွေကိုလည်း စောင့်ရှောက်ထားပါတယ်။ အရင်ကဆို နိုင်ငံတော်က ဆေးဝါးထောက်ပံမူမရှိတဲ့အတွက် ကိုယ်အားကိုယ်ကိုးပြီး ဒီရောဂါသည်တွေကို စောင့်ရှောက်တယ်။ သာယာဝတီမြို့ကနေ ရန်ကုန်အထိ သွားရောက်ကူညီပေးတဲ့ ရောဂါသည် ၃၆၀ ရှိပြီး သာယာဝတီမြို့မှာတော့ ရောဂါသည် ၂၄၀ ခန့်ရှိပါတယ်။ သူတို့ကို ကျနော်တို့က ပြုစုခြင်းစောင့်ရှောက်ခြင်း၊ နေရာပေးခြင်းဆိုပြီး စောင့်ရှောက်ထားပါတယ်။ သူတို့ခန္ဓာကိုယ်ကျန်းမာလာချိန်ကာလနဲ့ သူတို့ရဲ့စားဝတ်နေရေး ပုံမှန်ပြန်လည်မတည်ဆောက်နိုင်သေးတဲ့ ကာလအထိ ကျနော်တို့ စောင့်ရှောက်ထားပါတယ်” လို့ ပြောပါတယ်။ အဆိုပါအခမ်းအနားမှာ ခရိုင်အထွေထွေအုပ်ချူပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့ခုခံအားကျဆင်းမူ ကူးစက်ရောဂါပိုး တိုက်ဖျတ်ရေးနေ့ မိန့်ခွန်းဖတ်ကြားခြင်း၊ သားဖွားမီးယပ်အထူးကုဆရာဝန်မှ မိခင်ကတစ်ဆင့်ကလေးသို့ HIV ရောဂါပိုးကူးဆက်ခြင်းနှင့် ကာကွယ်ခြင်းအကြောင်း ရှင်ပြခြင်း၊ ART ဌာနမှ ART ဌာနလုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခြင်း၊ ကမ္ဘာ့ခုခံအားကျဆင်းမူ တိုက်ဖျတ်ရေးနေ့ အခမ်းအနားအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြင့်ခြင်း၊ ကျောင်းသား/ကျောင်းသူတွေကို HIV/AIDSရောဂါနဲ့ ပတ်သတ်ပြီး ဉာဏ်စမ်းပဟေဠိ အမေးအဖြေများပြုလုပ်ပြီး ဆုပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ကျောင်းသားကျောင်းသူ ၂၀၀ လောက်နဲ့ ခရိုင်အဆင့် မြို့နယ်အဆင့်ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အင်အား ၃၅၀ လောက် တက်ရောက်ခဲ့ပါတယ်။ သတင်း-မေသွယ်
3 years Ago

August 6, 2017

သာယာဝတီတွင် A(H1N1) အသိပညာပေးလက်ကမ်းစာစောင်နှင့် MASK များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သုံးဆယ်မြို့နဲ့ သာယာဝတီမြို့နယ်မှာ ရာသီတုပ်ကွေး A(H1N1) ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေဖို့အတွက် လူစည်ကားတဲ့ နေရာတွေမှာ ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်တွေနဲ့ နှာခေါင်းစည်းတွေ သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက ဝေငှခဲ့ကြပါတယ်။ သာယာဝတီမြို့နဲ့ သုံးဆယ်မြို့ ရှိဈေးတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးဦးစီးဌာနနဲ့ ဌာနဆိုင်ရာတွေ၊ သာယာဝတီ မြို့နယ်နဲ့ သုံးဆယ်မြို့မှ လူမူရေးအသင်းအဖွဲ့တွေပူးပေါင်းပါဝင်ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေနဲ့ နှာခေါင်းစည်း MASK ၅၀၀၀ ကျော်ဖြန့်ဝေခဲ့ကြတာပါ။ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြင့်က “အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့က လာနိုင်တဲ့သူရှိသလို မလာနိုင်တဲ့သူလည်း ရှိပါတယ်။ ဒါကြောင့် အခုလို လူစည်ကားတဲ့နေရာတွေမှာ ရောဂါဖြစ်ပွား ခဲ့ရင် ဘယ်လို လုပ်ဆောင်ရမယ်။ မဖြစ်သေးရင် ဘယ်လို ကာကွယ်ရမယ် ဆိုတာတွေကို နားလည်အောင် ရှင်းပြပေးပြီး လက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း MASK ဝေတယ်။ ဒါ့အပြင် ကျောင်းတွေမှာလည်း ကလေးတွေကို အသိပညာပေးတဲ့ စာပေးဖတ်တာတဲ့စာရင် ဆရာဆရာမတွေအနေနဲ့ သင်ခန်းစာတခုလို သင်ကြားပေးရင် ကလေးတွေ ပိုမိုနားလည် သဘောပေါက်အောင် သင်ကြားပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ရာသီတုပ်ကွေး(H1N1)ရောဂါဟာ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့နေပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွေ၊ လက်ကမ်းစာစောင်ဝေတာတွေ၊ နှာခေါင်းစည်း(MASK)ဝေတာတွေ ပြုလုပ်နေပါတယ်။ ရာသီတုပ်ကွေးရောဂါကပ်အသွင် ဖြစ်ပွားတာကြောင့် တမ္ဘာလုံးအနေနဲ့ တစ်နှစ်ကို ဦးရေ ၃ သန်းကနေ ၅ သန်းအထိ ရောဂါပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၅၀,၀၀၀ ဦးမှ ၅၀၀,၀၀၀ ဦးအထိ နှစ်စဉ် သေဆုံးနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ A(H1N1) ရောဂါကြောင့် သြဂုတ် ၅ ရက်နေ့အထိ သေဆုံး ၁၅ ဦး ရှိပြီလို့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မေသွယ်
4 years Ago
Up