သာယာလှပမှု

January 27, 2019

စံကားဒေသ သာယာလှပမှု နောက်ကွယ်

ရပ်ဝေးရပ်နီး ခရီးသွားဧည့်သည်တွေ အနေနဲ့ ရှမ်းပြည်ကို အလည်လာရင် အင်းလေးဖောင်တော်ဦး ဘုရားကို ရောက်အောင် လာရောက်ဖူးမြော်ကြပေမယ့် ညောင်ရွှေမြို့နယ်ထဲက သာယာလှပတဲ့ စံကားဒေသကိုတော့ သိပ်မရောက်လိုကြပါဘူး။ အဲဒီဒေသဟာ အင်းလေးကန်ရဲ့ အရှေ့တောင်ဘက် တောင်ကြောတလျှောက်မှာရှိပြီး စိမ်းလန်းစိုပြည်တဲ့ တောင်တန်းတွေ နောက်ခံမှာ ရေထဲနစ်မြုပ်နေတဲ့ ချွန်မြမြ ဘုရားစေတီ အစုအဖွဲ့တွေကြောင့် သာယာလှပလို့ နေပါတယ်။ စံကားဒေသကို တောင်ကြီး အေးသာယာမြို့သစ် လမ်းဘက်ကနေလည်းကောင်း၊ ညောင်ရွှေ-လွိုင်ကော်သွား လမ်းဘက်ကနေလည်းကောင်း၊ ကက္ကူမွေတော်ဘုရား-ကျောက်တလုံး ရွာလမ်းဘက်ကနေလည်းကောင်း ကားနဲ့သွားလို့ရသလို အင်းလေးကန်ထဲက နေပြီးတော့လည်း မော်တော်နဲ့ သွားလို့ရပါတယ်။ ဓာတ်ပုံတွေထဲမှာ၊ ဗွီဒီယိုတွေထဲမှာ တွေ့ဖူးခဲ့တဲ့ စံကားဒေသအလှဟာ ကိုယ်တိုင်ရောက်သွားချိန်မှာတော့ သန့်ရှင်းလတ်ဆတ်တဲ့ လေပြည်နဲ့ အေးမြတဲ့ ရေပြင်တွေကိုပါ ထိတွေ့ရလို့ သဘာဝအလှက ပိုပြီး ပြည့်စုံသွားပါတယ်။ ဒါပေမယ့် စံကားဒေသရဲ့ သမိုင်းကြောင်းနဲ့ ဘုရားတွေ ရေထဲနစ်မြုပ်သွားရတဲ့အကြောင်း ကြားသိရလိုက်ရတဲ့အခါ ရသမှာ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။ စံကားဒေသမှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ကျော်က ယွန်းရှမ်းလူမျိုးတွေ တည်ထားခဲ့တဲ့  မြို့ဟောင်းဖြစ်ပြီး ပန်လုံ၊ ဝိန်းကောက်၊ ဟွေ့ဖိုင်နဲ့ စံကားဆိုတဲ့ ကျေးရွာအုပ်စုကြီး ၄ စု ပါဝင်ကာ ရှေးအကျဆုံးရွာဖြစ်တဲ့ ပန်လုံနဲ့ ဝိန်းကောက်ကတော့ ရေအောက်ရောက်သွားပြီဖြစ်ပြီး စံကားကတော့ ကောဇာသက္ကရာဇ် ၁၁၃၆ ခုကမှ နောက်ဆုံးတည်တဲ့ရွာ ဖြစ်တယ်လို့ ဆိုပါတယ်။ စံကားရွာကြီးမှာ ရှေးက ဦးဇင်းတပါးက တရုတ်စံကားပင်ရဲ့ အကိုင်းအခက်တွေချိုးပြီး စေတီတဆူ ပူဇော်တည်ထားခဲ့ကြောင်း၊ အဆိုပါ စံကားစေတီကို အစွဲပြုပြီး စံကားရွာလို့ အမည်တွင်ခဲ့တာလို့ စံကားဒေသခံ ဦးစိုင်းနီက ပြောပါတယ်။ စံကားဒေသဟာ ဘီလူးချောင်းရဲ့ ကမ်းစပ်နှစ်ဖက်မှာ ရှိတဲ့အတွက် စိုက်ပျိုးရေးဖြစ်ထွန်းပြီး ဒေသခံတွေ စားဝတ်နေရေး ချောင်လည်ကြကြောင်း၊ စံကားရွာဟာ နှစ်ပေါင်းကြာတော့ မြို့ဖြစ်လာပြီး ခေတ်အဆက်ဆက် စော်ဘွားတွေ အုပ်ချုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၉ ခုနှစ်လောက်မှာ ပဒေသရာဇ်တော်လှန်ရေး ပေါ်ပေါက်ကာ စော်ဘွားတွေ ပုန်ကန်ထကြွခြင်းခံရပြီး စံကားဟော်နန်းလည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ “အရင်ကဆို ချောင်းရဲ့တဖက်ကမ်းဆီက လွင်ပြင်ကျယ်ကြီးမှာ စပါးသီးနှံတွေစိုက်တာ တအားဖြစ်ထွန်းတယ်၊ စားမကုန်ဘူး၊ အခု တောင်စောင်းနားရောက်သွားတယ်၊ စိုက်ပျိုးရေး အရင်လို မကောင်းတော့ဘူး၊ ဟော်နန်းလည်း ပဒေသရာဇ်တော်လှန်ရေး လုပ်တယ်ဆိုပြီး မီးရှို့ခံလိုက်ရတယ်၊ ဟော်လှေကားတက်တဲ့ နေရာလေးပဲကျန်တယ်၊ အခု ဟော်ဝင်းထဲမှာ အထက်တန်းကျောင်း ဖွင့်ထားတယ်။” ဒေသတွင်း မတည်ငြိမ်မှုတွေ ရှိလာတာကြောင့် စော်ဘွားအဆက်အနွယ်တွေလည်း အခြားမြို့ရွာများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၁၉၇၀ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်မှာတော့ ကယားပြည်နယ်ရှိ မိုးဗြဲရေကာတာကြီးနဲ့တကွ ဘီလူးချောင်းပေါ်က ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခဲ့ကြောင်း၊ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဘီလူးချောင်းရေတွေ ပြည့်လျှံလာပြီး စံကားဒေသ တဝက်ကျော်လည်း ရေနစ်မြုပ်ခဲ့ရတယ်လို့ ဦးစိုင်းနီက ဆက်ပြောပါတယ်။ ထိုစဉ်က ရေလွှမ်းမိုးခြင်းခံခဲ့ရတဲ့ ကျေးရွာတွေမှာ ညောင်ရွှေ၊ စံကားနဲ့ စကွယ်မြို့နယ်ထဲက  ရပ်ကွက်နဲ့ ကျေးရွာ စုစုပေါင်း ၇၀ ကျော်ရှိပြီး လူဦးရေ ၁ သောင်းကျော် ရေဘေးသင့်ခဲ့ရကြောင်း၊ ဘုန်းကြီးကျောင်း ၄ ကျောင်းနဲ့ ဘုရားစေတီပုထိုးတွေလည်း ရေထဲရောက်သွားပြီး လက်ရှိ စံကားမြို့နဲ့ လှေဖြင့် တနာရီခန့်ကြာ မောင်းသွားရတဲ့ စံကားတာခေါင်မွေတော်ဘုရားတို့ ကြားက ရေပြင်ကျယ်ကြီးဟာဆိုရင် ယခင်က ဝိန်းကောက်ကျေးရွာကြီး ဖြစ်တယ်လို့ ဆိုပါတယ်။ မြို့ကို ရေလွှမ်းသွားတော့ ပြည်သူတွေဟာ တောင်စောင်းနဲ့ နီးတဲ့ဘက်ကို ရွှေ့လာကြသလို တချို့ကလည်း အခြားတနေရာကို ပြောင်းရွှေ့သွားကြောင်း၊ စကွယ်အုပ်စုရှိ ရွာပေါင်း ၄ ရွာမှာ မိုးဗြဲဘက်ကို ရွှေ့ပြောင်းသွားတယ်လို့ ဆိုပါတယ်။ ရေလွှမ်းသွားတဲ့ အိုးအိမ်တွေ၊ သီးနှံစိုက်ခင်းတွေအတွက် အစိုးရက လျော်ကြေးပေးပေမယ့် မဖြစ်သလောက်လေးသာမို့ ဘဝမထူထောင်နိုင်ကြောင်း၊ တချို့မှာ လျော်ကြေးပြန်တောင်းလို့ ရမှန်းတောင် မသိဘူးလို့ ဦးစိုင်းနီက ပြောပါတယ်။ လောပိတ ရေအားလျှပ်စစ်ကြောင့် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးပြကြီးတွေ၊ မြေပြန့်ဒေသတွေမှာ ၂၄ နာရီပတ်လုံး လျှပ်စစ်မီးတွေ ထိန်ထိန်ငြီးခဲ့ပေမယ့် ရေလွှမ်းမိုးခံခဲ့ရတဲ့ စံကားဒေသ အပါအဝင် အခြားကျေးရွာတွေပါ ကနေ့ထက်တိုင် လျှပ်စစ်မီးမရသေးဘဲ အမှောင်ထဲမှာ နေခဲ့ကြရပါတယ်။ စံကားဒေသ လျှပ်စစ်မီးရရေး ခေတ်အဆက်ဆက်က အစိုးရထံ တင်ပြတောင်းဆိုခဲ့ပေမယ့် မရရှိဘဲ လက်ရှိ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာမှ ပြီးခဲ့တဲ့နှစ်က ဓာတ်မီးတိုင်တွေ လာစိုက်ထူထားပြီး မီးကတော့ ဘယ်ချိန်လင်းပြီး တနေ့ ဘယ်နှစ်နာရီရမှာ မသိသေးဘူးလို့ ဦးစိုင်းနီက ပြောပါတယ်။ “အရင်အစိုးရတွေတုန်းကတော့ မီးရဖို့ စာတင်ထားတာ အကြိမ်ကြိမ်ပဲ၊ တခါမှမရဘူး၊ ဒီအစိုးရသစ် လက်ထက်မှာတော့ မီးရတော့မယ်လို့ ပြောတယ်၊ ဓာတ်အားပေးစက် ဆောက်နေတာတော့ တွေ့တယ်၊ မီးက ဘယ်တော့လင်းမလဲတော့ မသိဘူး၊ မီးရရင်တော့ တောထဲမှာ ထင်းခုတ်စရာ မလိုတော့ဘူး၊ တောမပြုန်းဘူးပေါ့၊ ကလေးတွေ ပညာရေးအတွက်ရော ဆေးရုံအတွက်ရော အစစ အဆင်ပြေလာမယ်၊ မီးရဖို့ တအားမျှော်နေကြပါတယ်။” စံကားစော်ဘွားကြီး စဝ်ခွန်ကြည်ရဲ့ သမီးတော် စဝ်သန်းကြည်ကလည်း ယခင်က အကြောင်းအမျိုးမျိုးကြောင့် ဇာတိမြေကနေ ခွဲခွာခဲ့ရပြီး အခုနေခါမှာတော့ ဒေသဖွံ့ဖြိုးရေးအတွက် တတ်နိုင်တဲ့ဘက်က လာရောက်ကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ရေလွှမ်းမှုကြောင့် ရှေးဟောင်း အမွေအနှစ် စေတီပုထိုးနဲ့ စော်ဘွားနွယ်တို့ရဲ့ အုတ်ဂူသင်္ချိုင်းတွေပါ ပျောက်ဆုံးခဲ့ကြောင်း၊ ကျန်ရှိနေသေးတဲ့ အမွေအနှစ်တွေကိုတော့ မူလလက်ရာ မပျက်စီးအောင် ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “အရင်က ဟော်မီးရှို့ခံရတာ၊ စံကားရေလွှမ်းတာတွေ ကြားသိပေမယ့် အဲဒီတုန်းက ကိုယ်လည်း ဘာမှမတတ်နိုင်တဲ့ အခြေအနေပေါ့နော်၊ အခုတော့ နိုင်ငံရေးအခြေအနေ ပွင့်လင်းလာတယ်လို့ ပြောရမှာပေါ့နော်၊ အဲဒီတော့ ကျမအနေနဲ့ တတ်နိုင်တဲ့ဘက်က ပရဟိတလုပ်ငန်းတွေ၊ ဒေသဖွံ့ဖြိုးမှုတွေ လုပ်ပေးနေပါတယ်၊ စံကားဒေသ လျှပ်စစ်မီးရဖို့ လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်၊ ရေလွှမ်းတော့ ရှေးခေတ် စံကားအနွယ်တော်ရဲ့ အုတ်ဂူတွေပါ ပါသွားတယ်၊ အခုက ကျမတို့အဖိုး စဝ်စိန်ဖူး (ဒဿမဆက်စော်ဘွား) ရဲ့ ဂူသင်္ချိုင်းပဲ ကျန်ပါတယ်၊ ရေလွှမ်းတာ မဟုတ်ဘဲနဲ့လည်း မသမာသူတွေ ဖျက်ဆီးတာ ခံရတာလည်း ရှိတယ်၊ စံကား တာခေါင် မွေတော်ဘုရားမှာဆိုရင် ရှေးဟောင်းအုတ်ဂူ တခု ဖျက်ပြီး အတူးခံထားရတာ သူတို့က ရှေးခေတ်ရွှေပလ္လင်ရှာတာတဲ့၊ ပလ္လင်ရသွားလား မရလားတော့ မသိဘူး၊ တွင်းကြီးက ပေ ၂၀ တောင်ရှိတယ်၊ ရှေးဟောင်းအမွေတွေ ဆက်ပြီး ထိန်းသိမ်းသွားဖို့လည်း လိုအပ်နေပါတယ်။” စော်ဘွားသမီးက တဖက်က စံကားဒေသကို ခေတ်နဲ့အညီ ဖွံ့ဖြိုးစေလိုပြီး တဖက်ကလည်း  ဒေသခံနဲ့ ဘုရားဂေါပက အဖွဲ့ဝင်တွေကို မိမိဒေသ ရှေးဟောင်းယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းကြဖို့ တိုက်တွန်းလိုကြောင်း၊ သူမအနေနဲ့ လောလောဆယ် စံကားဒေသအကြောင်း စာတမ်းပြုစုနေဆဲဖြစ်ပြီး အချက်အလက်တွေ လိုက်လံစုဆောင်းနေတယ်လို့ ပြောသွားပါတယ်။ Photo: Hsen Si Fa
2 years Ago
Up