သာပေါင်းမြို့

August 18, 2021

သာပေါင်းမြို့၌ အောက်ဆီဂျင်စက်ရုံဆောက်ရန် စစ်ကောင်စီက ကျေးရွာအုပ်စု ၁ စုကို ငွေကျပ် ၁၅ သိန်းကောက်ခံနေ

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီက အောက်ဆီဂျင်စက်ရုံဆောက်လုပ်ဖို့ အတွက် ကျေးရွာတစ်ရွာကို ငွေကျပ် ၁၅ သိန်း ကောက်ခံနေပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စု အသီးသီးရှိ အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေး ပြုလုပ်ကာ ကျေးရွာအုပ်စုတစ်ခုလျှင် ကျပ် ၁၅ သိန်းစီ ကောက်ခံနေတာဖြစ်တယ်လို့  ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ရန်ပုံငွေ ၁၅ သိန်းရဖို့ အတွက် ၂ လုံး၊ ၃  လုံး ဒိုင်တွေ၊ လောင်းကစားဝိုင်းတွေကို ဆက်ကြေးတောင်းယူနေတယ်လို့ သာပေါင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေကတဆင့် ကောက်ခံခိုင်းတာပါ။ တချို့အုပ်စုတွေဆို တစ်ရွာကို ငါးသောင်းကျပ်ကနေ ခြောက်သောင်းလောက်ခွဲတန်းကျတယ်။ ရန်ပုံငွေရဖို့အတွက်ဆိုပြီးတော့ ၂ လုံး ၊ ၃ လုံးဒိုင်တွေ၊ လောင်းကစားဝိုင်းတွေကို လိုင်းကြေးယူပြီး ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေက  ခွဲဝေ ကောက်ခံတာတွေလည်းရှိပါတယ်။”

သာပေါင်းမြို့နယ်ရှိ ကျန်းမာရေးဌာနတွေကလည်း  စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ပထမနဲ့ ဒုတိယလှိုင်းကာလတုန်းကလို့ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။

ကျေးရွာအုပ်စုပေါင်း ၇၀ ကျော်ရှိတဲ့ သာပေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈ ဦးရှိပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက ဩဂုတ် ၁၇ ရက်ညနေက ထုတ်ပြန်ထားပါတယ်။

3 months Ago
Up