သာကေတ (၈) ရပ်ကွက်သပိတ်

March 29, 2021

သာကေတ (၈) ရပ်ကွက်သပိတ်ကို စစ်တပ်က ပစ်ခတ်ဖြိုခွင်း ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ သာကေတမြို့နယ် (၈) ရပ်ကွက်ထိပ်မှာ မတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ် လာရောက်ဖြိုခွင်းခဲ့ရာ ပြည်သူ  ၅ ဦး ဒဏ်ရာရပြီး ၃ ဦးဖမ်းဆီးခံရတယ်လို့  သိရပါတယ်။

မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာလည်း သာကေတမြို့နယ်က နဝင်းသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ၂ ဦးကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့တယ်လို့ လတ်တလောသတင်းတွေအရ သိရပါတယ်။

ဒီနေ့ခင်းပိုင်း သာကေတ၊ ရန်ပြေရပ်ကွက်ပစ်ခတ်မှုမှာတော့  မောင်ထူးထက်နိုင် (၁၉) နှစ် ဦးခေါင်းထိမှန်ကျဆုံးခဲ့ပြီး နောက်တစ်ဦးက ကျည်ဆန်တင်ပါးမှဝင်ပြီး ဗိုက်မှဖောက်ထွက်ခဲ့သလို နောက်တဦးက ခြေထောက်ကို ကျည်ဖောက်ထိမှန်ပါတယ်။ ညနေဘက်မှာလည်း တခြား သေနတ်ကျည်ဆန်ထိသူ တဦး ထပ်မံ ကျဆုံးသွားတယ်လို့သိရပါတယ်။ 

ဒီနေ့ သာကေတ ရန်ပြေဖြစ်စဉ်မှာ  ကျည်ဆန်ထိမှန်သူ  ၁၅ ယောက်လောက် တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေထံက  သိရပါတယ်။

လက်ရှိမှာတော့ သာကေတပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ သတင်းတွေက အတိအကျ အတည်ပြုနိုင်ခြင်း မရှိသလို အပြောင်းအလဲ လည်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က သာကေတမြို့နယ်တော်တော်များများကို နေ့စဉ်ရက်ဆက်ဆိုသလို နေ့ဘက်နဲ့ ညဘက်တွေမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပစ်ခတ် တာတွေဆက်တိုက်ရှိနေတာပါ။

ဒါပေမဲ့ သာကေတ သပိတ်စစ်ကြောင်းတွေကတော့ နေ့စဉ်နဲ့အမျှ အင်အားလျော့မသွားဘဲ ပြန်လည်ခုခံရင်း စစ်အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန် တိုက်ပွဲဝင်နေကြပါတယ်။

1 month Ago
Up