သရဲတစ္ဆေကြီးများနေ့

A d v e r t i s e m e n t With Us

November 1, 2016

ကြောက်မက်ဖွယ် သရုပ်ပြကွက်များနှင့် သရဲတစ္ဆေကြီးများနေ့ မက္ကဆီကိုတွင်ကျင်းပ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ သရဲတစ္ဆေကြီးများနေ့ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့က မြို့တော်ရဲ့ လမ်းမတွေတလျှောက် ကြောက်မက်ဖွယ် သရုပ်ပြတင်ဆက်မှုတွေနဲ့ ကျင်းပခဲ့ကြပါတယ်။ အခုနှစ်မှာတော့ ဒီပွဲတော်ကို ပွဲစီစဉ်သူတွေရဲ့ အစီအစဉ်နဲ့အတူ နာမည်ကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား Spectre ထဲကလို ၀တ်စားဆင်ယင်မှုတွေနဲ့အတူ ကျင်းပခဲ့ကြတာပါ။ အရိုးစုပုံဝတ်စုံ ၀တ်ဆင်ထားသူတွေ၊ ရိုးရာအကအဖွဲ့တွေ၊ တူရိယာတီးမှုတ်တဲ့ အဖွဲ့တွေဟာ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ထောင်သောင်းချီ ပါဝင်ဆင်နွှဲခဲ့ကြတာကို တွေ့ရပါတယ်။ ဒီပွဲတော်ဟာ တခြားသော ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်တွေလိုပဲ ကျော်ကြားတဲ့ ပွဲတော်တခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံမှာတော့ တကယ့်ကို ထင်ရှားတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။ ကွယ်လွန်ပြီးသူတွေဟာ ပြန်လည်ရှင်သန်ထမြောက်လာမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဒီပွဲတော်ကို ကျင်းပနေကြတာပါ။ မနှစ်ကတော့ နာမည်ကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား Spectre ရဲ့ အဖွင့်ရိုက်ကွင်းတွေကို ဒီအခမ်းအနားမှာ ရိုက်ကူးခဲ့တာဖြစ်လို့ အခုနှစ်မှာ ခုလို အမှတ်တရ ၀တ်ဆင်ကျင်းပဖြစ်တာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
4 years Ago

September 27, 2016

မက္ကဆီကန် သရဲတစ္ဆေကြီးများနေ့ လှုံ့ဆော်ရုပ်သံဗွီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့

လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ ကျင်းပမယ့် မက္ကဆီကန် သရဲတစ္ဆေကြီးများနေ့ကို အမှတ်ရစေဖို့ လှုံ့ဆော်ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့တယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။ ယူကျုအင်တာနက်စာမျက်နှာပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူ ၁ ဒသမ ၈ သန်းကျော်ရှိခဲ့ပြီး ကားတစီးဟာ လူကူးမျဉ်းကြားပေါ်ကနေ ဖြတ်သန်းနေချိန်မှာ သရဲတစ္ဆေ မိန်းကလေးတဦးကို ဖြတ်တိုက်မိခဲ့တဲ့ပုံစံမျိုး ဖန်တီးထားခဲ့တာပါ။ အစပိုင်းမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ တကယ်အစစ်အမှန်လားဆိုတာ မသိနိုင်ခဲ့ဘဲ စတန့်ထွင် လှုံ့ဆော်မှုတခု ဖြစ်နိုင်တယ်လို့ ဝေဖန်ခဲ့ကြတာပါ။ ဒါပေမယ့် ဆာဗီဇာ ဗစ်တိုးရီးယားမက္ကဆီကို ဘီယာကုမ္ပဏီကတော့ ဒါဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ ကျရောက်မယ့် သရဲတစ္ဆေကြီးများနေ့အတွက် စတန့်ထွင် ထုတ်လွှင့်လိုက်တာဖြစ်တယ်လို့ ၀န်ခံလိုက်တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒီအဖြစ်အပျက်ဟာ စက်တင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်း ၂း၂၀ နာရီလောက်မှာ မက္ကဆီကိုမြို့တော်၊ ပါဆီယို ဒီလာ ရီဖော်မာ အိမ်ရာအနီးမှာ ဖြစ်ခဲ့ပြီး ကားဟာ သရဲတစ္တေမိန်းကလေးရဲ့ ကိုယ်ထဲကို ဖြတ်ပြီး မောင်းနှင်သွားခဲ့တာကို တွေ့ရပါတယ်။ ဆာဗီဇာ ဗစ်တိုးရီးယားမက္ကဆီကို ဘီယာကုမ္ပဏီမှ ဒါရိုက်တာ အက်ဒ်ဆန် နိုရိုလာက သူတို့ရဲ့ ခုလို လှုံ့ဆော်မှုပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ ရိုးရာဒဏ္ဍာရီလာ သရဲတစ္ဆေတွေဖြစ်တဲ့ လာလော်ရိုနာ၊ အယ်လ်ချာရို နီဂရိုးနဲ့ လာပလန်ချာဒါ စတဲ့ သရဲတစ္ဆေ ပုံပြင်တွေကို သတိရလာစေဖို့ဖြစ်တယ်လို့ ပြောပါတယ်။
4 years Ago
Up