သရဲတစ္ဆေပူးကပ်ခံရသည့်

March 1, 2017

သရဲတစ္ဆေပူးကပ်ခံရသည့် အမျိုးသမီး ကိုယ်လုံးတီးမီးရှို့ အစွဲချွတ်ခံရပြီး သေဆုံး

နီဂရာဂွါနိုင်ငံမှ သရဲတစ္ဆေပူးကပ်ခံရတဲ့ အမျိုးသမီးတဦးဟာ အစွဲချွတ်ကုသဖို့ မီးထဲကို ပစ်ချခံရပြီး သေဆုံးသွားခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အသက် ၂၅ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ အ၀တ်တွေကို ဆွဲချွတ်ကာ ကိုယ်လုံးတီးအနေအထားနဲ့ မီးရှို့ခံခဲ့ရပြီး မြောင်းတခုထဲကို ပစ်ချခံခဲ့ရတာလို့ ဆိုပါတယ်။ ဗီလ်မာ ထရူဂျီလ်လို ဂါစီယာအမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းမီးလောင်ကျွမ်းခံခဲ့ရပြီး ကိုမာ(Coma)ရပြီး သီတင်းတပါတ်ကြာ မေ့မျောနေခဲ့ကာ မြို့တော် မန်မာဂူ အာဆေးရုံမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သေဆုံးသွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီပြစ်မှုကို ဧ၀ံဂေလိအသင်း သင်းအုပ်ဆရာ ဂျူအန် ဂရီဂိုရီယို ရိုချာ ရိုမီယိုက ဦး ဆောင်ပြီး တခြားလူ ၄ ဦးနဲ့အတူ ကျူးလွန်ခဲ့တာဖြစ်ပြီး သူတို့ကို ဖမ်းဆီးထားခဲ့တာပါ။ ဒါပေမယ့် သင်းအုပ်ဆရာကတော့ ဒါကို ငြင်းဆိုလိုက်ပြီး နတ်ဆိုးမိစ္ဆာတွေက မီးရဲ့ အပေါ်မှာ ဆိုင်းငံ့ထားပြီးနောက် သူ့ကိုလွှတ်ချလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ရေနယ်လ်ဒို ပီရယ်လ်တာ ရိုဒရီကွက်ဇ်က တော့ “သူတို့ ခုလိုလုပ်ခဲ့တာ လုံးဝခွင့်မလွှတ်နိုင်စရာပါပဲ။ ကလေး ၂ ယောက်မိခင် ကျနော့်မိန်းမကို သူတို့သတ်ခဲ့တယ်။ ခုကလေးတွေကို ကျနော် ဘယ်လိုပြောရမှာလဲ”လို့ ပြောပါတယ်။
5 years Ago
Up