သရေကျ

October 14, 2020

စပိန်အသင်း ယူကရိန်းကို (၁-၀) ဂိုးဖြင့် ရှုံးနိမ့်၊ ဂျာမနီနှင့် ဆွစ်ဇာလန် ၃ ဂိုးစီသရေကျ

မနေ့ညက ကိဗ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ UEFA နေးရှင်းလိဂ် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်မှာ  စပိန်အသင်းဟာ အိမ်ရှင် ယူကရိန်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ စပိန်အသင်းဟာ ၂ နှစ်‌နီးပါး ကာလအတွင်း ပထမဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဒီပွဲမှာ စပိန်အသင်းဟာ ရရှိလာတဲ့ ဂိုးသွင်းခွင့်တွေကို လွဲချော်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။  လိဒ်တိုက်စစ်မှူး ရိုဒရီဂိုဟာ စပိန်အသင်းအတွက် ဦးဆောင်ဂိုးရရှိစေမယ့် အပိုင်ခေါင်းတိုက်ခွင့် ၂ ကြိမ်ရရှိခဲ့ပေမယ့်  ဂိုးရအောင်  အဆုံးသတ်နိုင်ခဲ့ခြင်းမရှိပါဘူး။  ဒီပွဲမှာ ယူကရိန်းဂိုးသမား ဂျီယော်ဂျီ ဘွတ်ချ်ချန်ကအကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့ပြီး စပိန်အသင်းကတော့ ၂၀၁၂ ယူရိုဖလားရရှိခဲ့တဲ့ ကွင်းထဲမှာ  ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ စပိန်အသင်းဟာ ကန်သွင်းခွင့် ၂၁ ကြိမ်အထိ ရရှိခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယူကရိန်းအသင်းကတော့ ပထမဆုံးရရှိခဲ့တဲ့အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲပြီး အနိုင် ၃ မှတ် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းတိုက်စစ်မှူး ယာမိုလန်ကိုရဲ့ ပေးပို့မှုကနေ  လူစားဝင်ကစားသမား ဗစ်တာဆီဂန်ကော့ဗ်က အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းအသင်းဟာ တန်ပြန်တိုက်စစ်ကနေ ဒီဂိုးကို သွင်းယူခဲ့တာ ဖြစ်ပြီး ဂိုးသွင်းခဲ့တာအနေအထား စပိန်ဂိုးသမား ဒီဟေးယားဟာလည်း နေရာယူပုံ လိုအပ်ချက်ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။  ပွဲအပြီးမှာတော့ ပေးဂိုးအတွက် ဒီဟေးယားကိုပဲ အပြစ်တင်လို့မရကြောင်း စပိန်နည်းပြအင်းနရစ်က ပြောလိုက်ပြီး ပေးလိုက်ရတဲ့ဂိုးတိုင်းအတွက် တသင်းလုံးမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၈ နိုဝင်ဘာလက  ခရိုအေးရှားအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း စပိန်အသင်းအတွက် ပထမဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် စပိန်အသင်းဟာ UEFA နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စု A4 ရဲ့ပထမနေရာမှာဆက် ရှိနေခဲ့ပေမယ့် ဒုတိယနဲ့ တတိယနေရာက ဂျာမနီ၊ ယူကရိန်းတို့နဲ့ အမှတ်ကွာဟချက် ၁ မှတ်သာ ရှိတော့ပါတယ်။ အုပ်စုတွင်း တခြားပွဲစဉ်တစ်ခုဖြစ်တဲ့ ဂျာမနီနဲ့ ဆွစ်ဇာလန်အသင်းတို့ပွဲမှတော့ တစ်ဖက်ကို ၃ ဂိုးစီနဲ့သရေကျခဲ့ပါတယ်။ ကိဗ်မြို့မှာ ကစားခဲ့တဲ့ပွဲကို ပရိသတ် ၁၅၀၀၀ နီးပါး လာရောက်ကြည့်ရှုခဲ့ပြီး အများစုကတော့ စပိန်ပရိသတ်တွေ ဖြစ်ပါတယ်။
6 months Ago

January 27, 2020

မန်ချက်စတာ နှစ်သင်း ဂိုးပြတ်နိုင်ပြီး လီဗာပူး သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ ဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူနိုက်တက်တို့ ဂိုးပြတ်အနိုင်ရပြီး လီဗာပူးအသင်း သရေကျသွားပါတယ်။ မနေ့ည အစောပိုင်းပွဲစဉ်မှာတော့ မန်ချက်စတာစီးတီးအသင်းက အိမ်ကွင်းမှာ ဖူဟမ်အသင်းကို ၄ ဂိုး ပြတ် အနိုင်ရရှိခဲ့ပါတယ်။ ပွဲစစချင်း ၆ မိနစ်မှာပဲ ဧည့်သည် ဖူဟမ်အသင်းက ကစားသမားတယောက် အထုတ်ခံရလို့ တယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ ဂျီးဆပ်က ၂ ဂိုး၊ ဘာနာဒိုဆေးဗားက ၁ ဂိုးနဲ့ ဂွန်ဒိုဂန် ၁ ဂိုးသွင်းယူခဲ့တာပါ။ အခြားပွဲစဉ်တခုမှာတော့ မန်ယူနိုက်တက်က အသင်းငယ် ထရမ်မဲ ရိုဗာအသင်းကို ၆ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ထရမ်မဲ ရိုဗာအသင်းရဲ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူပြီး ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ မန်ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကိုတော့ မက်ဂွိုင်းယား၊ ဒဲလော့၊ လင်ဂတ်၊ မာရှယ်၊ ဖီးလ်ဂျုံးနဲ့ ဂရင်းဝုဒ်တို့က သွင်းယူခဲ့တာပါ။ မနေ့ည အက်ဖ်အေဖလား နောက်ဆုံးပွဲစဉ်မှာ အသင်းကြီး လီဗာပူးက ရှောဘူရီအသင်းနဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ဧည့်သည် လီဗာပူးအသင်းဟာ အဓိက ကစားသမားတွေကို အနားပေးပြီး အရန်လူငယ်တွေနဲ့ ပွဲထုတ်ကစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ လီဗာပူအသင်းအတွက် ဂိုးတွေကိုတော့ ဂျုံးက ၁ ဂိုးနဲ့ တဖက်ကစားသမား ဒွန်နယ်က ကိုယ့်ဂိုးကို ၁ ဂိုး သွင်းယူခဲ့တာပါ။ ရှောဘူရီအတွက် ဂိုးတွေကိုတော့ ဂျက်ဆန်က ၂ ဂိုးလုံး သွင်းယူခဲ့တာပါ။ သရေကျသွားတဲ့အတွက် ဒုတိယအကျော့ကို လီဗာပူးအသင်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။
1 year Ago
Up