သရုပ်ဆောင်လူမင်း

February 21, 2021

နာမည်ကြီး သရုပ်ဆောင် လူမင်းကို စစ်တပ်က အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်

DVB

နာမည်ကြီး သရုပ်ဆောင် လူမင်းကို ဖေဖော်ဝါရီ ၂၀ ရက်ညက စစ်တပ်က စစ်ကားတွေနဲ့လာရောက်ပြီး အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

သရုပ်ဆောင်လူမင်းအား ဖမ်းဆီးခေါ်ဆောင်သွားပုံကို ရုပ်သံဖိုင်တခုမှာ ဇနီးဖြစ်သူက အခုလို ငိုယိုပြီး ပြောဆိုထားပါတယ်။

“ကိုလူမင်းကို ရဲကားတွေအများကြီးနဲ့ ဖမ်းပြီးခေါ်သွားပါပြီ။ သူတို့ကားနောက်ကို လိုက်ဖို့ ဘယ်ကိုလိုက်ရမလဲမသိဘူး။ တံခါးကိုလည်း အတင်းရိုက်ဖျက်ပြီးတော့ ခေါ်သွားပါပြီ။ ဘယ်ကိုခေါ်သွားမယ်မှန်းလည်း မပြောဘူး။ အတင်းအကျပ် ခေါ်သွားပါတယ်။ ကျမတားတာလည်း တားလို့မရဘူး။”

သရုပ်ဆောင်လူမင်းဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဟောင်း တဦးလည်း ဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြပွဲတွေမှာ ဇင်ဝိုင်း၊ မင်းမော်ကွန်းအပါအဝင် အခြားအနုပညာရှင်တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်လူမင်းဟာ  စစ်တပ်က အတင်းအကြပ် ပထမဆုံး ဖမ်းဆီးခေါ်ဆောင်ခံရသူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်လူမင်းဟာ မန္တလေးမှာ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းလို့ သေဆုံး ဒဏ်ရာရတာနဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အရမ်းကို ခံပြင်းဒေါသထွက်ရကြောင်း လိုင်ဖ်လွှင် ပြောကြားခဲ့ပါတယ်။

9 months Ago
Up