သရုပ်ဆောင်မင်းရာဇာ

September 4, 2020

သရုပ်ဆောင်မင်းရာဇာ၏ အိမ်အကူမိန်းကလေး အက်ဆစ်ဖြင့်ပက်ခံရသည့်ဒဏ်ရာ ပြန်ကုသနေရ

သရုပ်ဆောင်မင်းရာဇာရဲ့ အိမ်အကူမိန်းကလေးဟာ အက်ဆစ်နဲ့ အပက်ခံထားရတဲ့  ဒဏ်ရာကနေ အနာတွေ ပြန်ကြွပြီး ဆေးကုသမှုခံယူနေရတယ်လို့ အိမ်အကူအမျိုးသမီးလေးရဲ့ ဖခင်က မီဒီယာကို ပြောပါတယ်။ ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုခံထားရတဲ့  သရုပ်ဆောင်မင်းရာဇာအမှုကို  ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အမှုတွဲတိုင်းတရားရုံးကို ရောက်နေတဲ့အတွက် ရုံးချိန်းမစစ်ဆေးဖြစ်ခဲ့ပါဘူး။ မင်းရာဇာတို့ကိုစွဲဆိုထားတဲ့ မြောက်ဥက္ကလာပမြို့နယ်ကအမှုနဲ့ အရှေ့ပိုင်းခရိုင်က ပုဒ်မ ၃၇၆ အမှုတို့ကို အရှေ့ပိုင်းခရိုင်တရားရုံးတစ်ခုထဲမှာပဲ ရုံးပေါင်းစစ်ဆေးဖို့ အိမ်အကူမိန်းကလေးရဲ့ ရှေ့နေက လျောက်ထားရာမှာ အမှုတွဲကို သုံးသပ်ဖို့တိုင်းတရားရုံးက လက်ခံထားပြီး ရုံးချိန်း မစစ်ဆေးဖြစ်သေးဘဲ နောက်အပတ် ၁၈ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။ သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကိုအက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။
1 year Ago

September 2, 2020

မီဒီယာနှင့် နာရီဝက်တွေ့ဆုံခွင့်ပြုရန်  သရုပ်ဆောင်မင်းရာဇာ တောင်းဆို

အမှန်တရားကို အမှန်တကယ်သိစေချင်ရင် မီဒီယာနဲ့နာရီဝက်လောက်တွေ့ဆုံခွင့်ပေးဖို့ သရုပ်ဆောင်မင်းရာဇာက  တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးအမှုကို ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့ရုံးချိန်းကို တရားလို မလာရောက်နိုင်ခဲ့ဘဲ နောက်တပတ် ရုံးချိန်းကို စက်တင်ဘာ ၉ ရက်နေ့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒီအမှုမှာ တရားလိုပြသက်သေ ၁၄ ဦး တင်သွင်းထားရာမှ ၇ ဦးစစ်ဆေးပြီးဖြစ်တဲ့အတွက် စစ်ဆေးဖို့ ၇ ဦး ကျန်ရှိနေတဲ့အဆင့်ဖြစ်ပါတယ်။ အခုချိန်မှာ ဇနီးဖြစ်သူက ကိုယ်ဝန်အရင့်အမာကြီးနဲ့ဖြစ်သလို အမှုနဲ့လည်းသက်ဆိုင်မှုမရှိတဲ့အတွက် အာမခံပေးသင့်တယ်လို့ မင်းရာဇာက တရားရုံးအထွက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရုံးချိန်းတွေကို တရားလိုပျက်ကွက်တာဟာ အမှုကို ပိုမိုကြန့်ကြာအောင် လုပ်သလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ပုဒ်မ(၄)ခုနဲ့ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။ 
1 year Ago
More News
Up