သရုပ်ဆောင်နေတိုး

June 22, 2020

သရုပ်ဆောင်နေတိုး ရခိုင်စစ်ရှောင်များအတွက် တဲအိမ် ၁၅ လုံး လှူဒါန်း(ဓာတ်ပုံ)

နာမည်ကြီး သရုပ်ဆောင်မင်းသားတလက်ဖြစ်တဲ့ နေတိုးက လတ်တလော ကိုဗစ်ကာလ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ရခိုင်စစ်ဘေးရှောင်တွေအတွက် တဲအိမ် ၁၅ လုံးကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ ဒီအလှူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့ ညီဖြစ်သူ သရုပ်ဆောင်မင်းသား မင်းသွေးအတွက် ရည်စူးပြီး ဆွမ်းဆက်ကပ်လှူဒါန်းတဲ့ အလှူမှာ အလိုတော်ပြည့် ဆရာတော်ကျောင်းတိုက်မှတဆင့် လှူဒါန်းလိုက်တာပါ။ မင်းသွေးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှာ ရုတ်တရက် ကွယ်လွန် သွားခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူနဲ့ပတ်သက်ပြီး နေတိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ ခုလိုရေးသားထားခဲ့ပြီး ပရိသတ်တွေကို ကုသိုလ်အမျှပေးဝေခဲ့တာကို တွေ့ရပါတယ်။ “ဒီနေ့ ကွယ်လွန်သူ - သရုပ်ဆောင်- မင်းသွေး(ခ)နေမင်းအောင်ခေါ် ညီလေးငယ်အား ရည်စူး၍ ဆွမ်းဆက်ကပ်ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တဲအိမ် (၁၅) လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့ လှူဒါန်းခဲ့ပါတယ်။ ပရိသတ်များအားလုံး ကုသိုလ်အမျှ ရကြပါ​စေခင်ဗျာ… 🙏🙏🙏 #Ashinkumara #RNSWO @BlueArakan”
12 months Ago

May 15, 2020

ခီမောင်နှံပရဟိတအဖွဲ့သို့ သရုပ်ဆောင်နေတိုးက ငွေကျပ်သိန်း ၃၀ လှူဒါန်း

       ခီမောင်နှံလို့ ပရိသတ်တွေ သိကြတဲ့ သရုပ်ဆောင် ဇဏ်ခီတို့ ဇနီးမောင်နှံ ဦးဆောင်တဲ့ Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့ဆီ နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးက ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။        Free Cash Program for the Needy(FCPN) အဖွဲ့ဟာ လတ်တလောအခြေအနေမှာ COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့နှုန်းတွေ၊ ကျန်းမာရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အခက် အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့အတူ ငွေကျပ် သိန်း ၅၀ စတင်မတည်ထားခဲ့တာ ဖြစ်ပါတယ်။        ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရမယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာထားတာပါ။ ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်များအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားခဲ့ပြီး လှူဒါန်း နိုင်ကြောင်း ဖော်ပြထားပါတယ်။        သရုပ်ဆောင်မင်းသားနေတိုးကတော့ သူ့ရဲ့ အလှူနဲ့ပတ်သက်ပြီး ဒီကနေ့မှာ ဖေ့စ်ဘွတ်ခ်ပေါ် မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ “လွန်ခဲ့​သော မေလ ၅ ရက်နေ့က (FCPN) program မှာ အလှူ​ငွေသိန်း(၃၀) စာအိတ် (၃၀၀) စာ ပါဝင်လှူဒါန်းဖြစ်ပါတယ်။ ဒီပုံ​လေး​တွေမြင်ရ​တော့ စိတ်ထဲမှာ ခံစားမှုများစွာနဲ့အတူ ပီတိလည်း ဖြစ်မိပါတယ်။ အခုလို တကယ်လိုအပ်​နေတဲ့သူ​တွေဆီကို​ မရောက်​ရောက်​အောင်ပို့ပေး​နေကြတဲ့ Clean Yangon အဖွဲ့နဲ့အတူ (FCPN) မှ တာဝန်ရှိသူများ အားလုံးကို​ ကျေးဇူးအထူးတင်ပါတယ်။ အလှူ​ငွေ​တွေလည်း အများကြီးရပြီး လူမှုအကျိုးများကို ဆထက်ထမ်းပိုး​ဆောင်ရွက်နိုင်ကြပါ​စေခင်ဗျာ။ ပရိသတ်များလည်း ကုသိုလ် အမျှရကြပါ​စေ။ အားလုံးလည်း ကပ်​ရောဂါဆိုးမှကင်း​ဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါ​စေ။”
1 year Ago
Up