သရီးဒီအန်နီမေးရှင်း

March 12, 2019

အထူးပြုလုပ်ချက်များ၊ စွန့်စားဇာတ်ဝင်ခန်းများဖြင့် သရီးဒီအန်နီမေးရှင်းရုပ်ရှင် - Wonder Park (နမူနာ)

သရီးဒီအန်နီမေးရှင်း ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Wonder Park ရုပ်ရှင်ကားကို လာမယ့် မတ်လ ၁၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Adventure Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ David Feiss က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကုမ္ပဏီ Paramount Pictures က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်အရွယ် ကောင်မလေး June ဟာ စိတ်ကူးယဉ်တတ်ပြီး ဖန်တီး တီထွင်လိုစိတ် ပြင်းပြတဲ့ ကောင်မလေးတယောက် ဖြစ်ပါတယ်။ သူ့ရဲ့အတွေးထဲမှာတော့ သူ့ရဲ့အမေ၊ သူငယ်ချင်းတွေနဲ့အတူ တည်ဆောက်နေကျ အံ့သြစရာ Wonderland ကစားကွင်းကြီး ရှိနေတယ်။ တရက်မှာတော့ အဲဒီ Wonderland ကစားကွင်းကြီးဟာ တောအုပ်ကြီးရဲ့ တနေရာမှာ တကယ်ရှိနေတာကို ရှာတွေ့သွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီ Wonderland ကြီးကို ဖျက်ဆီးနေကြတဲ့ Chimpanzombies တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ လိုအပ်လာချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ကွန်ပျူတာ အန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ အတူ ပရိသတ်တွေ ရှုစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် မိန်းကလေး June နေရာမှာ မျက်နှာသစ် သရုပ်ဆောင်မင်းသမီး Brianna Denski က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။ သူ့ရဲ့ မိခင်နေရာမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Jennifer Garner က ပါဝင်ထားပြီး Kenan Thompson၊ Mila Kunis၊ John Oliver စတဲ့ တခြားသရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ ကလေးတွေကြည့်ရှုဖို့ မသင့်တော်တာမို့ ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၈၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
2 years Ago
Up