သရဖူ မဆောင်းတဲ့ ဘုရင်မများ

A d v e r t i s e m e n t With Us

January 5, 2021

 သရဖူ မဆောင်းတဲ့ ဘုရင်မများ 

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် အရေးကြီးတဲ့ မေးခွန်းတစ်ခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ အစိုးရကို ဆက်လက် ဦးဆောင်သွားမလား။ ဒါမှမဟုတ် ပါတီတည်ဆောက်ရေးကို ပိုပြီးအာရုံစိုက်မလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ နောက်ကြောင်း ပြန်ကောက်ရရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က သမ္မတ အထက်ကနေ ညွှန်ကြားသွားမယ်လို့ ပြောခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် ၅၉ (စ) က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ထားတယ်လို့ ယူဆကြပါတယ်။ အရင် ဖွဲ့စည်းပုံတွေဖြစ်တဲ့ (၁၉၄၇၊ ၁၉၇၄) တို့မှာ ဒီလို ပြဋ္ဌာန်းချက်တွေ မပါဝင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဖြစ်တယ်။ ပြည်သူလူထုက ထောက်ခံတဲ့ ခေါင်းဆောင် ဖြစ်တယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉ (စ) က ကန့်သတ်ထားတဲ့ အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူး ဖြစ်ပေါ်လာတာ လူတိုင်း သိပြီးဖြစ်ပါတယ်။ နောက်ထပ်ရွေးချယ်စရာ အခုတော့ ရာသီစက်ဝန်း နောက်တပတ်ပြန်လည်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုင်ပင်ခံရာထူးကို ဆက်ယူဖို့ ဘာမှ မခက်ပါဘူး။ အန်အယ်ဒီက လွှမ်းမိုးထားတဲ့ လွှတ်တော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ဥပဒေကို သက်တမ်း တိုးလိုက်ရုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုင်ပင်ခံရာထူးနဲ့ လက်တွေ့ ဦးဆောင်သွားတာ ဖြစ်ပါတယ်။ သမ္မတကို ညွှန်ကြားခဲ့တာ မဟုတ်ပါဘူး။ ညွှန်ကြားတာထက်စာရင် ပိုပြီး အလုပ်ဖြစ်မယ်လို့ စဉ်းစားတာကြောင့် ဖြစ်ပါလိမ့်မယ်။ တကယ်၍ သမ္မတကို လမ်းညွှန်ရုံဆိုရင်တော့ အစိုးရအဖွဲ့ထဲ ပါဝင်စရာမလိုပါဘူး။ နိုင်ငံတော် သမ္မတဆိုတာဟာ မိုးကျရွှေကိုယ် မဟုတ်ပါဘူး။ အနိုင်ရပါတီက တင်ထားတာပါ။ ပါတီကလည်း ပြည်သူကို ပေးထားတဲ့ ရွေးကောက်ပွဲကတိတွေ ရှိပါတယ်။ ပြည်သူကကြိုက်လို့ ပါတီအလံကို မဲပေးခဲ့တယ်။ အစိုးရဖြစ်တဲ့အခါ သမ္မတက တခြား၊ ပါတီက တခြားဆိုရင် ရွေးကောက်ပွဲ ကတိကဝတ်တွေကို ဘယ်သူက တာဝန်ခံမလဲ။ ဒါကြောင့် ရွေးကောက်ပွဲအနိုင်ရပါတီက ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ကို အဲဒီပါတီက ထိန်းကျောင်းရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီ ဥက္ကဋ္ဌ အနေနဲ့လည်း သမ္မတနဲ့ ဝန်ကြီးတွေကတဆင့် အစိုးရအဖွဲ့ကို ညွှန်ကြားလို့ ရနိုင်ပါတယ်။ သရဖူ မဆောင်းတဲ့ ဘုရင်မများ ဒါနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ အင်ဒိုနီးရှားမှာ နမူနာတွေ ရှိပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။ လူသိအလွန်နည်းတဲ့ အိန္ဒိယသမ္မတဟာ နိုင်ငံရဲ့ အထွတ်အထိပ် ဖြစ်သလို၊ အမေရိကန်သမ္မတလိုပဲ စစ်ဦးစီးချုပ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နေ့စဉ် နိုင်ငံတော် ယန္တရားတွေကို ဝန်ကြီးချုပ် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က ဦးဆောင်လည်ပတ်စေပါတယ်။ ဆိုနီယာဂန္ဒီရဲ့ ကွန်ဂရက် ပါတီခေတ်က ပါတီခေါင်းဆောင်ဟာ ဝန်ကြီးချုပ်သရဖူကို မဆောင်းဘဲ အစိုးရမူဝါဒတွေကို ထိန်းကျောင်းခဲ့တယ်။ ဒါကို ဒီမိုကရေစီစံသွေဖည်တယ်လို့ ဘယ်သူမှ မပြောပါဘူး။ နောက်ထပ် ဥပမာ တစ်ခုက အာဆီယံ နိုင်ငံထဲက အင်ဒိုနီးရှား ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော် သမ္မတဟာ ဂျိုကိုဝီဒိုဒို ဆိုပေမယ့် တကယ်တမ်း သရဖူးမဆောင်းတဲ့ ဘုရင်မက မေဃာ၀တီ ဖြစ်ပါတယ်။ မေဃာ၀တီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ နိုင်ငံလွတ်လပ်ရေး ခေါင်းဆောင်ရဲ့ သမီးဖြစ်ကြတာချင်း တူပါတယ်။ အင်ဒိုနီးရှား လွတ်လပ်ရေးခေါင်းဆောင် ဆူကာနိုရဲ့ သမီးဖြစ်တဲ့ မေဃာဝတီကလည်း အင်ဒိုနီးရှား သမ္မတ အဖြစ် ၂၀၀၁ မှ ၂၀၀၄ အထိ တာဝန်ထမ်းဆောင်ခဲ့ဖူး ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အစိုးရ ခေါင်းဆောင်ဘ၀က အောင်မြင်ခဲ့တဲ့ မှတ်တမ်း နည်းပါတယ်။ ဆိုနီယာဂန္ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာလည်း တူညီချက် ရှိပါတယ်။ ဒါပေမဲ့ ရွေးချယ်တဲ့ လမ်းကြောင်းချင်းကတော့ မတူကြပါဘူး။ ဆိုနီယာဟာ ၁၉၉၈ ခုနှစ်ကစလို့ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ကွန်ဂရက်ပါတီကို ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဦးဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ဆိုနီယာရဲ့ ဦးဆောင်မှုနဲ့ ကွန်ဂရက်ပါတီ အောင်ပွဲခံခဲ့တာကြောင့် ဆိုနီယာသာ ဝန်ကြီးချုပ်ဖြစ်မယ်လို့ တော်တော်များများက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အတိုက်အခံ ဘီဂျေပီ ပါတီက ဆိုနီယာဟာ အီတာလီနိုင်ငံဖွား ဖြစ်တဲ့အတွက်ဆိုပြီး ကန့်ကွက်တဲ့အခါ ဆိုနီယာက မန်မိုဟမ်ဆင်းကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်ခဲ့ပါတယ်။ ဝန်ကြီးချုပ် မလုပ်ရပေမယ့် ဆိုနီယာဟာလည်း သရဖူမဆောင်းတဲ့ ဘုရင်မဆိုတာ လူတိုင်း သိပါတယ်။ ပါတီ တည်ဆောက်ရေးကို အာရုံစိုက်ပြီး၊ ဆိုနီယာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ အမျိုးသားအကြံပေး ကောင်စီ (NAC) က ကျေးလက်နေ ဆင်းရဲသားပြည်သူများအတွက် အလုပ်အကိုင်၊ စားနပ်ရိက္ခာ ဖူလုံရေးလို ကိစ္စမျိုးအတွက် သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ပေးနိုင်ခဲ့လို့ ဆိုနီယာကိုယ်တိုင်နဲ့ ကွန်ဂရက်ပါတီအတွက် ဂုဏ်တက်ခဲ့ပါတယ်။ ၂၀၁၄ ရွေးကောက်ပွဲ မတိုင်ခင် နှစ်တွေကတော့ တခြား ဇာတ်လမ်းတစ်ပုဒ်ပါ။ ပါတီတည်ဆောက်ရေး အိန္ဒိယမှာ ဆိုနီယာနဲ့ ကွန်ဂရက်ပါတီရဲ့ နမူနာဟာ အင်ဒိုနီးရှားမှာ မေဃာဝတီနဲ့ သူ့ပါတီအပေါ် တစုံတစ်ရာ လွှမ်းမိုးခဲ့ပါတယ်။ အရှိန်အဝါကြီးလှတဲ့ မေဃာ၀တီကို သမ္မတ မမှန်းဘဲ ဆိုနီယာ ပုံစံ ပါတီကို ဦးဆောင်မှုပေးဖို့ အကြံပေးသူတွေထဲမှာ ပါတီအတွင်းစည်းသာမက၊ မီဒီယာတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ လူထု စစ်တမ်းတွေကို အခြေခံပြီး ၂၀၁၄ ဖေဖော်ဝါရီလမှာ ၁၁ ဦးပါတဲ့ အကြံပေးအဖွဲ့က ဂျိုကိုဝီကို သမ္မတလောင်း တင်သင့်တယ်လို့ အကြံပြုခဲ့တဲ့အခါ မေဃာဝတီက သဘောတူခဲ့တယ်။ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ ရှေ့ဆင့် နောက်ဆင့် ရွေးကောက်ပွဲ ကျင်းပခဲ့ကြရာမှာ ဆိုနီယာလမ်းကြောင်းလိုက်တဲ့ မေဃာဝတီရဲ့ ပါတီက အနိုင်ရပြီး ဆိုနီယာရဲ့ ပါတီက ရှုံးနိမ့်ခဲ့တယ်။ နှစ်ပေါင်း ၆၀ ကြာ ကွန်ဂရက်ပါတီခေတ် အဆုံးသတ်သွားပါတယ်။ ဆိုနီယာရဲ့ ကွန်ဂရက် ပါတီ ရှုံးသွားရတဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ တစ်ချက်ကတော့ ကွန်ဂရက် ပါတီဟာ ပါတီတွင်း နိုင်ငံရေးအရ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လုံလောက်တဲ့ အခြေအနေသို့ မရောက်ခဲ့ဘဲ အပေါ်ယံ ဆန်လွန်းတာကြောင့်လို့ သတင်းစာတွေက ဝေဖန်ခဲ့ကြပါတယ်။ အထင်ရှားဆုံးတစ်ချက်က အိန္ဒိယမှာ ဝန်ကြီးချုပ် လောင်းလျာအဖြစ် ဆိုနီယာရဲ့ သား ရာအူးဂန္ဒီကို တင်ခဲ့ပါတယ်။ လေ့လာသူ တော်တော်များများက ရာအူးကို ချီတုံချတုံစိတ်နဲ့ ဧကရာဇ်မင်းလို့ မြင်ကြပါတယ်။ ပါတီတွင်းမှာ တံခါးပိတ် လေ့ကျင့်ခဲ့ရပြီး လက်တွေ့နိုင်ငံရေး အသိပညာ နုသေးတယ်လို့ မြင်ကြပါတယ်။ မျိုးဆက်အပြောင်းအလဲ၊ တိုင်းပြည် စီးပွားရေး နှေးကွေးမှုနဲ့ အဂတိလိုက်စားမှုပြဿနာတွေကြောင့် မကျေနပ်ချက်တွေလည်း ရှိနေပါတယ်။ ဒီလိုနဲ့ အိန္ဒိယနိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်အားကောင်းလာခဲ့တဲ့ မျိုးရိုးစဉ်ဆက် နိုင်ငံရေး နိဂုံးချုပ်သွားပါတယ်။ အင်ဒိုနီးရှားကတော့ ပြောင်းပြန်ပါ။ မေဃာဝတီမှာ နိုင်ငံရေး ရည်မှန်းချက်ကြီးတဲ့ သမီးနဲ့ ဆိုနီယာရဲ့ သားဖြစ်တဲ့ ရာအူးဂန္ဒီ တို့က သက်တူရည်တူဖြစ်ပေမယ့် မေဃာဝတီက ရွေးကောက်ပွဲအတွက် လူကြိုက်များရုံမျှမက၊ အလုပ်ကြိုးစားသူ၊ ရိုးသားသူ၊ ဇွဲကြီးသူ၊ မိမိကိုယ်ကို အမြဲ နှိမ်ချတတ်သူအဖြစ် ဂုဏ်သတင်းကောင်းရှိတဲ့ တနည်းအားဖြင့် နိုင်နိုင်ခြေများတဲ့ ဂျိုကိုဝီကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ မေဃာ၀တီဟာ သရဖူ မဆောင်းတဲ့ ဘုရင်မ ဖြစ်လာပါတယ်။ မျိုးရိုးစဉ်ဆက် နိုင်ငံရေး အိန္ဒိယနဲ့ အင်ဒိုနီးရှား သင်ခန်းစာကို လေ့လာတဲ့အခါမှာ မျိုးရိုးစဉ်ဆက် နိုင်ငံရေးနဲ့ ပတ်သက်လို့ စဉ်းစားစရာတွေ ရှိပါတယ်။ အိန္ဒိယမှာ ၂၀၁၄ ရွေးကောက်ပွဲ မတိုင်ခင်အထိ မျိုးရိုးစဉ်ဆက် နိုင်ငံရေး ရှင်သန်နိုင်ခဲ့ပါတယ်။ ထိုအချိန်က ကမ္ဘာမှာ အိန္ဒိယလို မျိုးရိုးစဉ်ဆက် သက်တမ်းရှည်ကြာတဲ့ နိုင်ငံမရှိတော့ပါဘူး။ အင်ဒိုနီးရှားဆိုရင် သမ္မတကို လူထုက တိုက်ရိုက်ရွေးချယ်တဲ့ ၂၀၀၄ ခုနှစ်ကတည်းက နိုင်ငံ လွတ်လပ်ရေးခေါင်းဆောင် ဆူကာနိုရဲ့ သမီး မေဃာ၀တီဟာ ဒီမိုကရေစီ ပြုပြင်ရေးဝါဒီ စစ်ဗိုလ်ချုပ်ဟောင်း ယူဒိုယိုနိုကို ရှုံးခဲ့ပါတယ်။ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးမျိုးဆက် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ရွေးကောက်ပွဲကတည်းက အောင်ပွဲခံခဲ့တာ ၂၀၁၅ နဲ့ ၂၀၂၀ မှာလည်း ဆက်ပြီး အောင်ပွဲခံခဲ့ပါတယ်။ အန်အယ်ဒီရဲ့ အောင်မြင်မှုဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ တနည်း ပြောရရင် မျိုးရိုးစဉ်ဆက် နိုင်ငံရေးဟာ အိန္ဒိယအပါအဝင် တကမ္ဘာလုံးမှာ အားကုန်သွားပေမယ့် မြန်မာနိုင်ငံမှာတော့ အားကောင်းနေတုန်း ရှိပါသေးတယ်။ အနိစ္စသဘောအရ အားကုန်သွားဖို့အချိန် ရောက်လာပါလိမ့်မယ်။ ဒီမှာ အရေးကြီးတဲ့ မေးခွန်းက မြန်မာပြည်မှာ မျိုးရိုးစဉ်ဆက် နိုင်ငံရေး အားကုန်သွားတဲ့ တနေ့ကျရင် ဒီမိုကရေစီ ဘယ်လို ခရီးဆက်မလဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ငါးနှစ်အတွင်း ပါတီကို ပစ်ထားရတဲ့အတွက် ပါတီ တည်ဆောက်ရေးမှာ ဘာတွေ အားနည်းသွားသလဲ။ နောက်ထပ် ငါးနှစ် ပစ်ထားရင် ဘာတွေ ဖြစ်လာနိုင်သလဲ။ တဖက်မှာ နောက်ထပ် ငါးနှစ် အတိုင်ပင်ခံရာထူးနဲ့ အစိုးရကို ဦးဆောင်တာကပဲ ဒီတိုင်းပြည်ရဲ့ အရေးတကြီး လိုနေတဲ့ အသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ရေရှည်ဒီမိုကရေစီ ထွန်းကားရေးတို့အတွက် ပိုပြီး အကျိုးများစေမလား ဆိုတာကို စဉ်းစား ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ နေသွင်ညိဏ်း
2 months Ago
Up