သရက်သီး

May 17, 2019

မန္တလေး သရက်သီးဈေးပွဲတော်တွင် သရက်သီး ၁ လုံး ကျပ် ၅၀ ဖြင့် ရောင်းချမည်

မန္တလေးမှာ ကျင်းပနေတဲ့ မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်များ ဈေးရောင်းပွဲတော် နောက်ဆုံးရက်မှာ သရက်သီးတလုံးကို ကျပ်ငွေ ၅၀ တန် တရွက်နဲ့ ရောင်းချပေးမယ်လို့ ဈေးရောင်းပွဲတော် တာဝန်ရှိသူတွေက ပြောပါတယ်။ မန္တလေးမြို့၊ ကုသိုလ်တော်ဘုရားအနီးမှာ ပြုလုပ်တဲ့ အဲဒီဈေးရောင်းပွဲတော်မှာ ပြီးခဲ့တဲ့နှစ်ကလည်း သရက်သီးတလုံးကို မြန်မာကျပ်ငွေ ၁၀ တန်တရွက်နဲ့ ရောင်းချပေးခဲ့ပါတယ်။ ကျပ်ငွေ ၁၀ တန်တရွက်ကို ပြင်ပမှာ ၁၅၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်နေလို့  အခုနှစ်မှာတော့ ကျပ် ၅၀ တန်နဲ့ ရောင်းချပေးမယ်လို့ ဆိုပါတယ်။ သရက်ဈေးရောင်းပွဲတော်ကို မေလ ၁၆ ရက်ကနေ စတင်ပြီး မေလ ၁၈ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။ ဈေးရောင်းပွဲတော်မှာ မြန်မာနိုင်ငံထွက် သရက်သီး အမျိုးအစားမျိုးစုံ ရောင်းချမှာဖြစ်ပြီး တဦးကို သရက်သီးအလုံးရေ ၁၀ လုံးကနေ အများဆုံး အလုံး ၅၀ အထိသာ အကန့်အသတ်နဲ့ ရောင်းချပေးမှာပါ။ ဒီသရက်သီးတွေရောင်းချပြီး ရရှိလာတဲ့ငွေကိုတော့ ကုသိုလ်တော်ဘုရားမှာပဲ ပြန်လည်လှူဒါန်းမယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပါတယ်။ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အနေနဲ့ မေလ ၁၈ ရက် မနက်ပိုင်းမှာ ကုသိုလ်တော်ဘုရားအတွင်း သရက်သီးအလုံးပေါင်း ၂၀၀၀ လောက်ကို စတုဒီသာ ကျွေးမွေးဖို့လည်း ရှိပါတယ်။ ဈေးရောင်းပွဲတော်မှာတော့ သရက်သီးကနေ ထုတ်လုပ်တဲ့ ဖျော်ရည်၊ သရက်သီးခြောက်၊ သရက်သီးဆီစိမ် စတဲ့ထုတ်ကုန်တွေကိုလည်း ခင်းကျင်းပြသ ရောင်းချပေးနေပါတယ်။ ဒါ့အပြင် အနယ်နယ်အရပ်ရပ်က သရက်စိုက်ပျိုးတဲ့ တောင်သူတွေရဲ့ သရက်မျိုးကွဲပေါင်း ၁၈၀ ကိုလည်း ပြသထားပြီး အရောင်းဆိုင်ခန်းပေါင်း ၅၀ ကိုလည်း ဖွင့်လှစ်ထားပါတယ်။ သတင်း - ထိန်ထိန်လင်း
2 years Ago

March 22, 2017

တရုတ်နိုင်ငံတွင် အာကာသ သရက်သီးမျိုးစိတ် စမ်းသပ်မှုအောင်မြင်

ရှန်းဂျိုး-11 အာကာသယာဉ်နဲ့အတူ ကမ္ဘာပတ်လမ်းမှာ ၃၃ ရက် သယ်ဆောင်သွားခဲ့တဲ့ သရက်ပင်ပေါက်လေးတွေဟာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်က ဓာတ်ခွဲခန်းမှာ ဆဲလ်အသစ်တွေ ထွက်လာပြီး ဆက်လက်ရှင်သန်နေတာကို တွေ့ရပါတယ်။ ဒီအစီအစဉ်ကို တရုတ်နိုင်ငံ အပူပိုင်းဒေသ စိုက်ပျိုးရေးသိပ္ပံကျောင်းအတွက် ရည်ရွယ်ပြီး ဟိုင်နန်ပြည်နယ် လယ်ယာ စိုက်ပျိုး စီးပွား အဖွဲ့အစည်းနဲ့ တောင်ပိုင်းဒေသ အပူပိုင်းစိုက်ပျိုးရေး သုတေသနဌာနတို့က ပူးပေါင်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ သရက်မျိုးစေ့ထည့်ထားတဲ့ ဘူးပေါင်း ၁၀၀၀ လောက်ကို မျိုးဖောက်ဖို့ ရှန်းဂျိုး-11 အာကာသယာဉ်နဲ့ ထည့်ပေးလိုက်တာဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ခဲ့ပါက ကမ္ဘာ့ပထမဆုံး အာကာသ သရက်မျိုး ဖြစ်လာမယ့်အကြောင်း ဟိုင်နန်ပြည်နယ် လယ်ယာ စိုက်ပျိုး စီးပွားအဖွဲ့အစည်းက အာကာသ သရက်သီး အစီအစဉ်ရဲ့ခေါင်းဆောင်က ပြောခဲ့ပါတယ်။ သရက်သီးမျိုးစေ့တွေဟာ မျိုးဗီဇပြောင်းလဲမှု ပြုလုပ်ရာ အာကာသခရီးစဉ်အတွင်း ရေဒီယိုလှိုင်းတွေကိုဖြတ်ပြီး အာကာသယာဉ်ထဲက ဖိအားအမျိုးမျိုးကိုလည်း ခံခဲ့ရသလို ကမ္ဘာ့ဆွဲအား မရှိတဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ သုတေသနပညာရှင်တွေက ဘူးထဲမှာ ဆက်လက်ရှင်သန်နေတဲ့ သရက်ပင်တွေရဲ့ ပြောင်းလဲမှုတွေကို လေ့လာပြီး အာကာသ သရက်သီးမျိုးစိတ်အဖြစ်နဲ့ စိုက်ပျိုးသွားမှာပါ။ ဒီမျိုးစိတ်တွေဟာ ပိုးမွှားဒဏ်ကိုခံနိုင်ပြီး သီးနှုန်းလည်းကောင်းမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up