သယ်မည် (ရုပ်သံ)

May 6, 2017

မိုင် ၅၀၀၀ အကွာ အန္တာတိကမှ ရေခဲစိုင်ကြီးကို ယူအေအီးနိုင်ငံ သယ်မည် (ရုပ်သံ)

ယူအေအီးနိုင်ငံရဲ့ မြို့တော်အဘူဒါဘီ  အခြေစိုက် နေရှင်နယ် အက်ဒဗိုက်ဇာ ဗျုရိုလို့ခေါ်တဲ့ ကုမ္ပဏီက မိုင်ထောင်ပေါင်းများစွာအကွာ အန္တာတိကက ရေခဲစိုင်ကြီးကို ယူအေအီးနိုင်ငံကို ဆွဲယူသယ်ဆောင်ဖို့ ထူးခြားတဲ့အစီအစဉ်တစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။ အကယ်၍ ဒီအစီအစဉ်သာ အောင်မြင်ခဲ့ရင် ရေခဲစိုင်ကြီးကနေ ရေချိုဂါလန်ပေါင်း သန်းထောင်နဲ့ချီပြီး ဖြည့်ဆည်းနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အန္တာတိက ကမ်းရိုးတန်းရဲ့ မိုင် ၆၀၀ ဝန်းကျင်အကွာမှာရှိတဲ့ ဟာရေးလ်ကျွန်းကနေ ရေခဲစိုင်ကြီးကို သယ်ဆောင်ကြမှာပါ။ ဒီရေခဲစိုင်ကြီးကို မိုင် ၅၅၀၀ အကွာလောက်ကနေ ယူအေအီးထဲက ဖူဂျာရက်(ဂ်) နိုင်ငံဆီကို သယ်ဆောင်မယ်လို့လည်း သိရပါတယ်။ ရေခဲစိုင်ကြီးတခုက လူဦးရေ တသန်းအတွက် ၅ နှစ်အတွင်း ရေချို ဂါလန် သန်းပေါင်း ၂ သောင်း ဖြည့်ဆည်းပေးနိုင်မယ်လို့ ကုမ္ပဏီကတော့ ခန့်မှန်းနေပါတယ်။ နောက်နှစ်အစောပိုင်းလောက်မှာ ဒီအစီအစဉ်ကို လက်တွေ့ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။ ရေခဲစိုင် သယ်ဆောင်မယ့်လမ်းကြောင်းကို ခရီးထွက်လေ့လာခဲ့ပြီး ဖြစ်ကြောင်းနဲ့ စက်ရဲ့ဆောင်ရွက်နိုင်ခြေကို စစ်ဆေးဖို့ စမ်းသပ်စက်တွေနဲ့လည်း စမ်းသပ်ပြီးဖြစ်ကြောင်း ကုမ္ပဏီရဲ့ဒါရိုက်တာဖြစ်သူ အယ်လ်ရှီဟီက အတည်ပြုပြောကြားလိုက်ပါတယ်။ ရေခဲစိုင်ကြီးကို ယူအေအီးနိုင်ငံတွေထဲ ဆွဲယူသယ်ဆောင်ဖို့အကြောင်း ပြောရာမှာ “ကျနော်တို့ရဲ့ စမ်းသပ်စက်က ဒီလိုလုပ်ဆောင်ဖို့ တနှစ်ကြာမယ်လို့ ခန့်မှန်းတယ်” လို့ အယ်လ်ရှီဟီ ပြောတာကို ဂါ့လ်ဖ်သတင်းက ထုတ်ပြန်ထားပါတယ်။ “ကျနော်တို့က ငွေကြေးနဲ့ နည်းပညာအစီအစဉ်တွေကို အတိအကျပုံဖော်တွက်ချက်ပြီးပါပြီ။ ဒီစီမံကိန်းကို ၂၀၁၈ ခုနှစ်အစောပိုင်းလောက်မှာ စတင်မယ်” လို့လည်း အယ်လ်ရှီဟီက ပြောပါတယ်။ “ကျနော်တို့က ရေအတွက် အဓိက လုပ်ချင်တာပါ။ ခရီးသွားလုပ်ငန်းအတွက်လည်း ကောင်းမယ်၊ ရာသီဥတုအတွက်လည်း ကောင်းမယ်” လို့ သူက ဆက်ပြောပါတယ်။ အန္တာတိကနဲ့ ယူအေအီးနိုင်ငံတွေအကြား အပူချိန် ကွာခြားချက်က အရမ်းကို ကြီးမားပါတယ်။ ဒါပေမယ့် ရေခဲစိုင်ရဲ့အများစုက ရေအောက်မှာ ဖြစ်နေလို့ ဒါက ပြဿနာမဟုတ်ဘူးလို့ ကုမ္ပဏီက ပြောကြောင်း မေရာရဲ့ မေလ ၅ ရက်နေ့သတင်းမှာ ရေးထားပါတယ်။
4 years Ago
Up