သယံဇာတကျိန်စာ

October 5, 2017

သယံဇာတကျိန်စာ

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သက်တမ်းမှာ ကမ္ဘာတွင် အရှည်ကြာဆုံးစစ်ပွဲ ဖြစ်ပြီး ယခုအချိန်ထိ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကရော အစိုးရနှင့် တပ်မတော်ကပါ ကြိုးပမ်းအားထုတ်နေသော အချိန် ဖြစ်ပါသည်။ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာရာတွင် ၁၉၄၈ မတိုင်ခင်ကတည်းက အလံနီ ကွန်မြူနစ်ပါတီလို ပါတီများက လက်နက်ဖြင့် ဖြေရှင်းမည်ဟု ဖဆပလအစိုးရကို အစောဆုံး ကြေညာခဲ့သောကြောင့် စစ်ပွဲသည် နှစ်ပေါင်း ၇၀ ရှိပြီဟု ဆိုနိုင်ပါသည်။ သို့သော် ပြည်တွင်းစစ် သက်တမ်းရင့်လာသည့်အခါ နိုင်ငံရေးပါတီများ ဦးဆောင်သော လက်နက်ကိုင်အဖွဲ့များသည် ယခုအခါ မရှိသလောက် ဖြစ်လာသော်လည်း တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့များကမူ ယခုအခါ အားကောင်းမောင်းသန်ဖြင့် ပြည်တွင်းစစ်ကို ဆက်လက်ဆင်နွှဲလျှက်ရှိ၏။ နှစ်ပေါင်းကြာရှည်နေသော ပြည်တွင်းစစ်ကို အားလုံးက ရပ်ဆိုင်းလိုကြသည်မှာ သံသယဖြစ်စရာ မလိုပေ။ ယခု အန်အယ်လ်ဒီအစိုးရ အာဏာရလာသည့်အချိန်တွင် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး တည်ဆောက်မှုကို ကြိုးပမ်းအားထုတ်ခဲ့သည်။ သို့သော် ထိုကြိုးပမ်းအားထုတ်မှုသည် ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်က စတင်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏အဆက် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ယခင်အစိုးရရော၊ ယခုအစိုးရရော ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဦးတည်ဆွေးနွေးကြခြင်းကို ကာယကံရှင်များ ကိုယ်တိုင်အသိ ဖြစ်၏။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အစောဆုံး ပြည်တွင်းစစ်တွင် ပါဝင်ခဲ့သော ကရင်အမျိုးသားများမှာမူ ယခုအခါတွင် NCA လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးစားနေသည်မှာ အားရစရာကောင်းသော်လည်း တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာမူ အပစ်အခတ် ရပ်စဲရေးပင် မတည်ဆောက်နိုင်သေးသောကြောင့် ယခုလို အရပ်သားအစိုးရ၊ တနည်း ပြည်လူထုက ရွေးချယ်တင်မြှောက်သော အစိုးရလက်ထက်တွင် ပိုပြီးနားလည်မှုရှိရှိ၊ သဘောထား ကြီးကြီးဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရပေမည်။ သို့သော် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သည့် အကြောင်း အချက်များတွင် အဓိကနိုင်ငံရေးအရ သဘောတူညီမှု မရနိုင်သေးသလို အရေးပါသော နောက်တချက်မှာ သယံဇာတဖြစ်လေသည်။ ထိုနှစ်ချက်မှာ တခုနှင့်တခု ဆက်စပ် ပတ်သက်လျက်ရှိ၏။ နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မူအားဖြင့် သဘောတူခဲ့ကြသော်လည်း နှစ်ပေါင်း ၇၀ လုံးလုံး ပြည်ထောင်စု အစိုးရ၏ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို သဘောမတူနိုင်၊ မလိုက်လျောနိုင်သောကြောင့် ပြည်တွင်းစစ်ကြီး ဖြစ်ရသည်။ တချိန်တည်းတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသလို မိမိတို့ တိုင်းရင်းသားဒေသများ ပိုက်နက်အတွင်းရှိ သယံဇာတ ခွဲဝေမှုတွင် တိုင်းရင်းသားများက ပြည်မနှင့် သဘောတူညီချက် မရသလို အင်အားကြီးမားသော ပြည်မအစိုးရကလည်း သယံဇာတများကို တိုင်းရင်းသားတို့ လက်ခံနိုင်လောက်အောင် မခွဲဝေပေးနိုင်ခြင်းကြောင့်လည်း ပြည်တွင်းစစ်ကြီး အဆုံးမသတ်နိုင် ဖြစ်နေရခြင်း ဖြစ်သည်ဟု သုံးသပ်ရပေမည်။ သယံဇာတထုတ်ယူရေးနှင့်ပတ်သက်ပြီး လောလောဆယ် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KIA ၊ KIO တို့နှင့် ဖြစ်နေသော စစ်ပွဲမှာ အသိသာဆုံးဟု ဆိုရမည်။ မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်မှာ ကြာရှည်ခဲ့သော်လည်း စစ်အစိုးရ နောက်ဆုံးကာလများတွင် သယံဇာတခွဲဝေရေး ပြဿနာတက်သည်ဟု သတင်းကြားပြီးနောက် တိုက်ပွဲမှာ စတင်ဖြစ်ပွားပါတော့သည်။ ထိုသို့ ဗဟိုအစိုးရအပေါ် သယံဇာတနှင့်ပတ်သက်ပြီး ဘဝင်မကျသည်မှာ လက်နက်ကိုင် ကချင်အဖွဲ့များသာမက ကချင် တိုင်းရင်းသား အဖွဲ့အစည်းများကလည်း မကျေနပ်ကြောင်း ယခုအချိန်တွင် တွေ့ရှိလာရပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကချင်တိုင်းရင်းသား ပြည်တွင်း ပြည်ပရှိ အရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဤကဲ့သို့ ရေးသားထားသည်ကို ဖတ်ရလေသည်။ နှစ်ပေါင်းများစွာ တနိုင်းမြို့နယ်အတွင်းရှိ ရွှေ၊ ပယင်းမှော်များအတွင်း နေထိုင်လျက်ရှိသော ဒေသခံ ပြည်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများကို မြန်မာ့တပ်မတော်က ဇွန် ၁၅ ရက် နောက်ဆုံးထား ထွက်ခွာရန် စာထုတ်ပြီးနောက်ပိုင်း ဟူးကောင်းဒေသတွင် စစ်ရေးပဋိပက္ခ တရှိန်ထိုး မြင့်တက်လာကြောင်း၊ ဟူးကောင်းချိုင့်ဝှမ်းဒေသသည် ရွှေနှင့် ပယင်း၊ သတ္တု တူးဖော်နေသောဒေသ မဟုတ်ဘဲ ဒေသခံတိုင်းရင်းသားများ ထောင်သောင်းချီ နှစ်ပေါင်းများစွာ နေထိုင်လာသောဒေသ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ “အခုအချိန်မှာ နိုင်ငံတော်အစိုးရကနေပြီးမှ စစ်ပွဲဆင်ရခြင်းဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ ဆိုပြီးမှ မှန်ကန်တယ်ဆိုတဲ့ အပိုင်းကနေပြီးတော့ သွားနေကြတယ်ရှင့်။ အဲဒါကြောင့် ကျမတို့အနေနဲ့ ဒီဖြေရှင်းနည်းက မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြချင်တဲ့ သဘောပါ။ ပြောရမယ်ဆိုရင် စာဖြန့်တဲ့ အချိန်ကနေစပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့အတွက်ကြောင့် တပ်မတော်ကနေ ဆောင်ရွက်ရပါတယ်ပေါ့။ အဲဒါကို အန်တီတို့က မဟုတ်ပါဘူးဆိုတဲ့ အကြောင်းပါ” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ထုတ်ပြန်ချက်ထုတ်ရခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။ အတည်တကျရှိနေတဲ့ နမ်ဗြူ၊ နမ်ခမ်၊ နမ်ဂေါန်၊ အင်ဂါးဂါး၊ ခန်ဂျား၊ တုံမဏီ၊ ကောင်ရာ၊ ဒိန်ခွန် ၁-၂၊ မုန်ခေါမ် စသည့် ကျေးရွာ ၉ ရွာသည် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ကျေးလက်ဆေးပေးခန်းများ အတည်တကျ ရှိနေသည်ဒေသ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “အိမ်ခြေ တထောင်ကျော်ရှိတယ်။ နောက်တခုကတော့ ဒီကျေးရွာတွေက သမိုင်းနဲ့ချီပြီးရှိတယ် ဆိုတဲ့ သဘောပါ။ ဒီကျေးရွာတွေက အရမ်းကြာပြီ။ အခုဆို အိမ်ခြေ တထောင်ကျော် ရှိတယ်။ မြို့နယ်ခွဲတခုလောက်ရှိတဲ့ ရွာတွေပါ။ အခုက ကျောက်တွင်း၊ ရွှေတွင်းတင်မကဘဲ မူလကတည်းက အတည်တကျရှိနေတဲ့ ရွာတွေကိုပါ ရွှေ့ခိုင်းလိုက်သလို ဖြစ်သွားတာပေါ့။ ဒီလို ရွှေ့ခိုင်းလိုက်လို့ သဘာဝပတ်ဝန်းကျင်က ပိုကောင်းလာဖို့ မရှိဘူးလေ”ဟု ဒေါ်ခွန်ဂျာက ပြောဆိုသည်။ ယခုကဲ့သို့ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်မှုများသည် သတ္တုတူးဖော်ရေးကုမ္ပဏီများ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဟန်ပြသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများအတွက် နေရာချပေးရန် မြေယာများကို သိမ်းဆည်းခြင်း ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် ဒေသခံပြည်သူများကို မည်သည့်အခါမှ နေထိုင်ခွင့် မရှိအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကမ္ဘာ့အကြီးဆုံး တရားမဝင် သတ္တုတူးဖော်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်စီးခြင်းကို ကာကွယ်ရန် မြန်မာ့တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းသည်ဟု ပြောဆိုနေသော်လည်း အမှန်တကယ်တွင် အစိုးရ၏ တရားဝင် ကျောက်စိမ်းတူးဖော်လျက်ရှိနေသော ဖားကန့်ဒေသတွင် ကမ္ဘာ့အကြီးဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်ပေါ်လျက်ရှိသည်ဟု ကချင် အရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့၏ အချက် ၈ ချက်တွင် ပါဝင်သည့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အဆိုပါထုတ်ပြန်ချက်အတွက် မြစ်ကြီးနားမြို့ရှိ ကချင်အရပ်ဘက်အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်က အရင်ဆုံး အဆိုပြုခြင်းဖြစ်ကာ ပြည်တွင်းပြည်ပရှိ ကချင်အရပ်ဘက် အဖွဲ့အစည်းများက ဝန်းရံထောက်ခံကြခြင်း ဖြစ်ကြောင်း သိရသည်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ် တည်ဆောက်ခြင်း၊ မြေယာနှင့် သဘာဝသယံဇာတကို ဗဟိုမှ ထိန်းချုပ်မှုမဟုတ်ဘဲ ဒေသခံ လူထုက စီမံခန့်ခွဲခြင်းဖြင့်သာလျှင် ပြည်တွင်းစစ်ပဋိပက္ခကို ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု ထုတ်ပြန်ချက်၏ နောက်ဆုံးအချက်တွင် ဖော်ပြထားသည်။ ပူးပေါင်းထုတ်ပြန်ချက်အား ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့၊ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့၊ ကချင်ငြိမ်းချမ်းရေးကွန်ရက် အပါအဝင် ပြည်တွင်း ပြည်ပရှိ ကချင် အရပ်ဘက် အဖွဲ့အစည်း ၂၈ ဖွဲ့က ပူးပေါင်းထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။ “လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ တနိုင်းဒေသတွင် မြန်မာ့တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့ စစ်ရေးတင်းမာလျက်ရှိနေသည်။” ထိုသတင်းကို ဖတ်ရသည့်အခါတွင် ဟူးကောင်းချိုင့်ဝှမ်းမှ ထွက်ရှိသော သယံဇာတအပေါ် ဒေသခံ ပြည်သူများနှင့် ဗဟိုအစိုးရတို့ကြား နယ်မြေပြဿနာ၊ သယံဇာတ ထုတ်ယူရေး ပြဿနာတို့ ဖြစ်ပေါ်နေကာ ကချင်အရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့က ထိုဒေသရှိ ဒေသခံပြည်သူများကို ထိုနေရာမှ ဖယ်ရှားပစ်သည့်အပေါ် လက်မခံကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။ ထို့အတူ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် သယံဇာတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတို့ သီးသန့်တွေ့ဆုံခဲ့သည်။ ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာကြောန်လက ပြည်သူ့လွှတ်တော် ကော်မတီသို့ အဓိကအချက် ၆ ချက် တင်ပြကြောင်း ဖော်ပြထားပါသည်။ ကချင်နိုင်ငံရေး ပါတီများ ပူးပေါင်းညှိနှိုင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် သယံဇာတ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတို့ တွေ့ဆုံခြင်းနှင့်ပတ်သက်၍ ဒေါက်တာကြောန်လက- “ကျနော်တို့ လိုချင်တဲ့ Point ကတော့ အစွမ်းကုန် မရောက်ဘူးပေါ့။ သူတို့နဲ့ အပြန်အလှန် ဆွေးနွေးပြီးတော့ သဘောတူညီချက် ထုတ်ချင်တယ်။ ဥပဒေ သဘောတရားအရ ကော်မတီရဲ့ အလုပ်လုပ်ပုံအရတော့ သဘောတူညီချက် ထုတ်ပေးလို့ မရဘူး။ သူတို့မှာ စံခွင့်အာဏာ မရှိဘူး။ သူတို့က လုပ်ထုံးလုပ်နည်းအရဆိုရင် သူတို့က တိုက်ခိုက်နားထောင်တယ်။ ဒါလောက်ပဲဆိုတော့ ကျနော်တို့ဆန္ဒကတော့ အခု ဒါကတော့ လူထုသဘောထား သက်တမ်းကောက်ပြီး ကော်မတီနဲ့ လာတွေ့တာလေ။ တွေ့တယ်ဆိုတဲ့အခါကျတော့ လူထုသဘောထား စစ်တမ်းအနေနဲ့ လုပ်တဲ့အတွက် ဒါ ကချင်လူထုရဲ့ အသံပဲ။ ကျနောတို့ကတော့ အဲဒီလို တိုက်ရိုက်ပြောလိုက်တယ်။ ကချင်လူထုရဲ့ အသံက ရာခိုင်နှုန်း ၉၀ ပါတယ်။ အဲဒါ သူတို့ကို တိတိကျကျ ပြောတယ်။ လူထုအသံ သူတို့ နားထောင်စေချင်လို့ ကျနော်တို့ ပြောတယ်။ သူတို့ကလည်း နားထောင်သင့်တယ်ပေါ့။ ဒီအထဲမှာ ဖြစ်နိုင်တဲ့ကိစ္စတွေ ကျနော်တို့ကတော့ ဖြစ်နိုင်ရင်တော့ ဒီကိစ္စတွေကို အတတ်နိုင်ဆုံး ညှိနှိုင်းပြီးတော့မှ ဥပဒေကို ရေးဆွဲတဲ့နေရာမှာ ထည့်သွင်းစေချင်တယ်။ ကျနော်တို့ကတော့ အဲဒီလို အကြံဉာဏ်ပေးလိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့အခြေခံပြီး ရေးဆွဲတယ်။ နဝတ ရေးဆွဲတဲ့ဟာပဲ။ အဲဒါကိုပဲ ပြန်လုပ်တာ။ အဲဒီမှာ သိပ်ပြီး မပြောင်းလဲဘူး။ ထွေထွေထူးထူး ပြောင်းလဲချက် သိပ်မပါဘူး။ မပါတဲ့အခါကျတော့ အခု ပြည်သူ့ဒီမိုကရေစီအစိုးရဆိုရင် ဖက်ဒရယ်ကိုလည်း ရည်ရွယ်တယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စလည်း လုပ်နေတဲ့အတွက်ကြောင့်မို့ ဒီဟာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင် လူထုအသံ နားထောင် ဆောင်ရွက်နေတယ်ဆိုရင် အများကြီး အထောက်အကူဖြစ်မယ်လို့ ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က ကချင်လူမျိုးဆိုရင် ၂၀၁၇ ကျောက်မျက်ရတနာဥပဒေဟာ ကျနော်တို့နဲ့ပတ်သက်ချက်က ရာခိုင်နှုန်း ၈၀ လောက်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကချင်တွေရဲ့ အဓိက အသက်မွေးဝမ်းကျောင်းက ကျောက်စိမ်းပဲ။ ဒီတော့ ကျနော်တို့ရဲ့ စီးပွားရေးကို အဓိကကိုင်လှုပ်တဲ့ကိစ္စ ဖြစ်တယ်။ အဲဒါကြောင့်မို့ သိပ်အရေးကြီးတယ်လို့ ကျနော်တို့ တင်ပြထားတယ်။ တင်ပြထားတဲ့အခါကျတော့ ဒီကိစ္စပေါ်မှာ မကျေလည်မှုတွေ သိပ်များနေမယ်ဆိုရင် ငြိမ်းချမ်းရေးကလည်း သိပ်မဖြစ်နိုင်ဘူး။ ဒီလူတွေ အဲဒီလောက်ထိ ဂယက်ရိုက်နိုင်တယ်။ အဲဒီပြဿနာတွေ ရှိတယ်။ သူတို့ကိုလည်း အဲဒါတွေ အသိပေးလိုက်တယ်” ဟု ပြောဆိုသွားသည်ကို သတင်းစာတွင် ဖတ်လိုက်ရပါသည်။ ထို့ပြင် ဒေါက်တာကြောန်လ လွှတ်တော်က ဥပဒေက ရေးဆွဲပြီးလျှင် ကချင်လူထုအတွက် အကျိုးပြုမှု နည်းပါးပါက ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း တောင်းဆိုချက်အားလုံး ပေးရမည်ဟု မဆိုလိုကြောင်း၊ လူထုကို အကျိုးပြုသော၊ လူထု ကောင်းစားရေးအတွက် ရေးဆွဲသောဥပဒေ ဖြစ်ဖို့လိုကြောင်းလည်း ပြောကြားသွားပါသည်။ ထိုကဲ့သို့ တိုင်းရင်းသားများက ဘဝင်မကျ၊ မကျေနပ်ကြခြင်းမှာ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို ထိထိရောက်ရောက် အကောင်အထည်မဖော်သလို ဗဟိုအစိုးရက  ပြည်နယ်အစိုးရ၊ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ရာကအစ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မဲ့နေကြခြင်း ပြဿနာ၊ ပြည်မနှင့် ပြည်နယ် တန်းတူခွင့်မရှိသော ပြဿနာများကြောင့်  ယခုအချိန်ထိ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ခြင်း ဖြစ်သည်။ ထိုအခြေအနေကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော အစိုးရကသာလျှင် ပြည်နယ်လူထု၊ တိုင်းရင်းသားလူထု၏ အကျိုးစီးပွားကို အလေးအနက်ထားကာ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ရပေလိမ့်မည်။ ထက်မြက်
4 years Ago
Up