သမ္မတ ထရမ့်က နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကို အိုင်ကျူစမ်းသပ်ရန် စိန်ခေါ်

October 11, 2017

သမ္မတ ထရမ့်က နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကို အိုင်ကျူစမ်းသပ်ရန် စိန်ခေါ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်တို့ ၂ ဦးကြား နောက်ဆုံး သဘောထားကွဲလွဲမှု လက္ခဏာအဖြစ် သမ္မတက နိုင်ငံခြားရေးဝန်ကြီးကို အိုင်ကျူ (ဉာဏ်ရည်အဆင့်) စမ်းသပ်မှုလုပ်ဖို့ စိန်ခေါ်လိုက်တယ်လို့ သိရပါတယ်။ မစ္စတာတေလာဆန်က သမ္မတကို ဉာဏ်နည်းတဲ့သူလို့ ခေါ်ခဲ့တာနဲ့ပတ်သက်ပြီး ဖိုးဘီးစ်မဂ္ဂဇင်း (Forbes) နဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်စဉ် သမ္မတက “ကျနော့်အထင် ဒီသတင်းက အတုအယောင်ပါ။ ဒါပေမယ့် သူတကယ်ပြောခဲ့တယ်ဆိုရင် ကျနော်တို့ အိုင်ကျူစမ်းသပ်မှု ယှဉ်ကြည့်မယ်။ ဘယ်သူနိုင်မလဲဆိုတာ ခင်ဗျားကို ကျနော်ပြောနိုင်တယ်” လို့ ပြောခဲ့တာပါ။ သမ္မတ ထရမ့်က ရက်စ်တေလာဆန်နဲ့ အောက်တိုဘာ ၁၀ ရက် နေ့လယ်စာ မစားခင်မှာ သူ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအပေါ် ယုံကြည်မှုရှိကြောင်း ပြောခဲ့ပါသေးတယ်။ “ကျနော် ဘယ်သူ့ကိုမှ သပ်လျှိုသွေးခွဲတာ မလုပ်ဘူး။ လူတွေကို သပ်လျှိုသွေးခွဲတဲ့ကိစ္စကို ကျနော် မယုံကြည်ဘူး” လို့ သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။ မစ္စတာထရမ့်ရဲ့ အိုင်ကျူစမ်းသပ်စစ်ဆေးမှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ အိမ်ဖြူတော် သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ ဆာရာဟက်ဘီးဆန်ဒါစ်က “ဒါက ဟာသတခုပါ။ ရှင့်အနေနဲ့ ဟာသလုပ်တယ်ဆိုတာကို သိသင့်ပါတယ်” လို့ နေ့စဉ်သတင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က မစ္စတာတေလာဆန် သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ပြီး သူ အလုပ်ထွက်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူက ပြီးခဲ့တဲ့ ဇူလိုင်လ ပင်တဂွန်မှာလုပ်တဲ့ အစည်းအဝေးပြီးနောက် သမ္မတကို ဉာဏ်နည်းတဲ့သူလို့ သူခေါ်ဆိုခဲ့တာကိုတော့ ငြင်းဆန်မှုမရှိဘူးလို့ အန်ဘီစီသတင်းဌာနက ပြောပါတယ်။ ဒီလအစောပိုင်းတုန်းကလည်း သမ္မတက နျူကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးနေရတာ အချိန်ကုန်တယ်လို့ တွစ်တာမှာ ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တေလာဆန်က သမ္မတရဲ့ အခြေခံ နိုင်ငံခြားရေးမူဝါဒအပေါ် ဆုပ်ကိုင်မှုကို အကြီးအကျယ်အံ့သြကြောင်း နယူးယော့ခ်တိုင်းမ်စ် သတင်းဌာနက ရေးသားခဲ့ပါတယ်။ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ရက်စ်တေလာဆန်က သဘောမတူတဲ့အခါ ပြုလုပ်တတ်တဲ့ ကိုယ်အမူအယာတွေအပေါ် သမ္မတက စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်းစာတွေက ရေးကြောင်း ဘီဘီစီသတင်းတပုဒ်မှာ အောက်တိုဘာ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up