၁၉၆၂ ခုနှစ်က အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီ (John F. Kennedy) ရဲ့မွေးနေ့မှာ မွေးနေ့သီချင်း ဆိုခဲ့တဲ့အချိန် မာရီလင် မွန်ရိုး ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံကို ဒီနေ့မှာ လေလံတင်တော့မှာပါ။
နယူးယောက်မြို့ မာဒဆန်ရင်ပြင်ဥယျာဉ်မှာ ကျင်းပတဲ့ သမ္မတ ကနေဒီရဲ့ ၄၅ နှစ်ပြည့်မွေးနေ့ပွဲ တက်တဲ့အချိန်မှာ မွန်ရိုးက ၀တ်ဆင်ခဲ့တာဖြစ်ပြီး ကျပ်လွန်းလို့ ၀တ်ပြီးမှ ပြန်ချုပ်ရတယ်လို့ ဆိုပါတယ်။
အဲဒီမွေးနေ့အပြီး နောက် ၃ လလောက်အကြာမှာ မွန်ရိုး ကွယ်လွန်ခဲ့ပြီး သမ္မတ ကနေဒီလည်း နောက်နှစ်မှာ လုပ်ကြံခံခဲ့ရပါတယ်။
၁၉၉၉ ခုနှစ်က ဒီဝတ်စုံကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောင်းချခဲ့ပေမယ့် အခု လော့စ်အိန်ဂျလိစ်မြို့က လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၃ သန်းလောက်အထိ ရနိုင်တယ်လို့ လေလံကုမ္ပဏီက ပြောပါတယ်။
"ဒီ မွန်ရိုးရဲ့ဝတ်စုံဟာ ၀တ်စုံတခုထက်ပိုပါတယ်။ သမိုင်းဝင်တယ်။ နိုင်ငံရေးနဲ့လည်း ပတ်သက်တယ်။ အနုပညာပစ္စည်းတခုလည်း ဖြစ်တယ်။ ဟောလိဝုဒ်နဲ့လည်း ပတ်သက်သလို မွန်ရိုးနဲ့လည်း ပတ်သက်တယ်။ သမ္မတကနေဒီနဲ့လည်း ပတ်သက်တယ်။ ဒီဝတ်စုံလေးတခုမှာ ပတ်သက်ဆက်နွယ်မှုတွေ အများကြီးရှိတယ်" လို့ ဂျူလီရန်လေလံကုမ္ပဏီ ညွှန်ကြားရေးမှူးတဦးက ပြောပါတယ်။
ဒီဝတ်စုံကို ပိုးဇာပါးနဲ့ချုပ်ထားပြီး စိန်တုနဲ့ ဘောကြယ်ပွင့် ထောင်နဲ့ချီ တပ်ဆင်ထားပါတယ်။
အခုလို လေလံမတင်ခင် နယူးဂျာစီပြည်နယ် မာနာ ခေတ်ပြိုင်အနုပညာပြတိုက်နဲ့ အိုင်ယာလန်နိုင်ငံက အနုပညာပြခန်းတို့မှာ ပြသခဲ့ပါတယ်။
4 years Ago