သမ္မတရုံးပြော

July 14, 2018

ပင်လုံညီလာခံပြီးပါက မြောက်ပိုင်း ၇ ဖွဲ့နှင့် အလွတ်သဘော ဆက်တွေ့မည် သမ္မတရုံးပြော

တတိယအကြိမ် ပင်လုံညီလာခံပြီးရင် မြောက်ပိုင်း ၇ ဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံတာတွေ ဆက်လုပ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ဇွန် ၁၃ ရက်နေ့ တတိယအကြိမ် ပင်လုံညီလာခံ တတိယနေ့အစည်းဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောတာပါ။ “ကျနော်တို့က အခုဘာသွားမလဲဆိုရင် ဒီညီလာခံပြီးရင် ဒီအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ဆွေးနွေးမယ်။ ဆွေးနွေးမယ့် မူတွေလည်း ကျနော်တို့မှာ ရှိထားတယ်။ အခုအချိန်မှာတော့ အသေးစိတ်ပြောလို့မရဘူး။ ဆွေးနွေးမယ်၊ ဆက်ပြီးဆွေးနွေးမယ်။ တဖက်နဲ့ တဖက် အကျေအလည် နားလည်အောင်၊ ကျနော်တို့ လုပ်နေတာ ဘာအတွက်လုပ်နေတယ်။ သူတို့အတွက် ဝင်လာနိုင်တဲ့ အခင်းအကျင်း ဘယ်လိုဖန်တီးပေးရမလဲ။ နှစ်ဖက်တော့ ပြန်ပြီးညှိနှိုင်းရမှာတွေ ရှိပါတယ်။ ညှိတာ ညှိနှိုင်းရမယ်၊ အဲညှိနှိုင်းတဲ့အပေါ်မှာလည်း အလွတ်သဘော တွေ့ဆုံမှုတွေ၊ တချို့လည်း ထုတ်ပြန်ချင်မှ ထုတ်ပြန်မယ်၊ အလွတ်သဘော တွေ့ဆုံမှုတွေကတော့ ဆက်တိုက်လုပ်သွားမှာဖြစ်ပါတယ်” ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း ၇ ဖွဲ့က ကိုယ်စားလှယ်တွေပါ ဝင်ရောက်ဆွေးနွေးနေတာပါ။ နေပြည်တော်မှာ ရောက်ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် ၁၂ ရက်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံခဲ့ပါတယ်။ ၂၁ ရာစု ပင်လုံ တတိယအကြိမ် ညီလာခံကို နေပြည်တော်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတာပါ။
3 years Ago

December 10, 2016

ဒေါ်အောင်ဆန်းစုကြည် ရခိုင်သွားရန် ကုလတောင်းဆိုမှု အင်မတန်စိတ်ပျက်ကြောင်း သမ္မတရုံးပြော

ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားရဲ့ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ကြေညာချက်ဟာ ဖြစ်ရပ်မှန်တွေကို ထင်ဟပ်ခြင်း မရှိတဲ့အတွက် အင်မတန် စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ကို လိုအပ်ရင် သွားမှာဖြစ်သလို သွားချင်မှလည်း သွားမယ်၊ မသွားချင်လည်း မသွားဘူး၊ ဒါကို လာပြီး ဖိအားပေး ပြောဆိုတာကိုလည်း လက်မခံဘူးလို့ သမ္မတရုံးက တုံ့ပြန် ပြောဆိုလိုက်ပါတယ်။ “နမ်ဘီးယားရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်လို့ တကယ့်ဖြစ်ရပ်မှန်တွေကို သူက မျက်ကွယ်ပြုထားတယ်၊ လျစ်လျူရှုထားတယ်။ ဥပမာ အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်တပ်စခန်းတွေကို ၆ နေရာမှာ တချိန်တည်း၊ တပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်တယ်။ ၃ နေရာ အောင်မြင်တယ်။ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးတယ်။ သေနတ် ၉၀ကျော် ပါတယ်။ အဲ့ဒီလို ဖြစ်သွားတဲ့အပေါ် အစိုးရနဲ့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်နဲ့ ပေါင်းပြီးတော့ ဆောင်ရွက်ရတာ ဖြစ်တယ်။ ဒီလိုမျိုး စတင် ဆောင်ရွက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ဖော်ပြခြင်း မရှိဘူး။ ပြန်ပြီး ချုပ်လိုက်ရင်တော့ နမ်ဘီးယားရဲ့ ထုတ်ပြန်ချက်ဟာ ကုလသမဂ္ဂကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ဖြစ်လို့ အလေးထားတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်၊ သို့သော် နမ်ဘီးယားရဲ့ ကြေညာချက်ဟာ အခြေအနေမှန်တွေကို ထင်ဟပ် ဖော်ပြခြင်း မရှိတဲ့အတွက် အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်မိတယ်။” ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားက ဒီဇင်ဘာ ၈ ရက်နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အလွန်အမင်းစိုးရိမ်ပူပန်တဲ့အကြောင်း ပြောခဲ့တဲ့ အပေါ် မြန်မာအစိုးရက တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၉ရက်က စတင်ခဲ့တဲ့ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုမှာ ၂လ ကြာမြင့်လာချိန်အထိ သေဆုံးသူ ၇၀ ရှိပြီး ဖမ်းဆီးစစ်ဆေးနေသူ ၅၇၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
5 years Ago
Up