သမ္မတဟောင်း မော်စီအပေါ်

November 17, 2016

သမ္မတဟောင်း မော်စီအပေါ် ချမှတ်ထားသည့် သေဒဏ်ကို အီဂျစ်တရားရုံးချုပ် ပလပ်

အီဂျစ်စစ်တပ်ရဲ့ အာဏာအသိမ်းခံရတဲ့ သမ္မတဟောင်း မော်စီအပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အီဂျစ်တရားရုံးချုပ်က နိုဝင်ဘာ ၁၅ ရက်မှာ ပြန်ပြီး ပလပ်လိုက်ပါတယ်။ မော်စီနဲ့အတူ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ အီဂျစ်မွတ်စလင်ညီအစ်ကိုတော်များပါတီ ခေါင်းဆောင် ၅ ဦးရဲ့ သေဒဏ်ကိုလည်း အီဂျစ်အဆင့်မြင့်ဆုံးတရားရုံးက ပယ်ဖျက်ပေးခဲ့ပါတယ်။ မော်စီဟာ ၂၀၁၁ ခုနှစ် အီဂျစ်ဒီမိုကရေစီ လူထုအုံကြွမှုကာလအတွင်း ထောင်ဖောက်မှုဖြစ်ပြီး အကျဉ်းသားအများအပြား ထွက်ပြေးလွတ်မြောက်ခဲ့မှုမှာ တာဝန်ရှိတယ်ဆိုပြီး သေဒဏ်ချမှတ်ခံရတာပါ။ သမ္မတဟောင်း မော်စီဟာ တခြားအကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့လည်း ထောင်ဒဏ်တသက်တကျွန်း ကျခံနေရပါတယ်။ မော်စီဟာ ၂၀၁၂ ခုနှစ်မှာ ဒီမိုကရေစီရွေးကောက်ပွဲနဲ့ တက်လာတဲ့ အီဂျစ်သမ္မတဖြစ်ပေမယ့်လည်း တနှစ်အကြာမှာ သူ့ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့အပြီး အီဂျစ်စစ်တပ်က အာဏာသိမ်းလိုက်တာပါ။ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရတဲ့ အီဂျစ်မွတ်စလင်ညီအစ်ကိုတော်များပါတီဝင် ၂၁ ဦးရဲ့ ပြစ်ဒဏ်ကိုလည်း တရားရုံးက ပလပ်ပေးခဲ့ပါတယ်။
5 years Ago
Up