အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို လိင်ပိုင်းဆိုင်ရာ စွပ်စွဲတဲ့ အမျိုးသမီး နောက်တယောက် အောက်တိုဘာ ၂၂ ရက်နေ့က ထွက်ပေါ်လာပါတယ်။
သူကတော့ ကယ်လီဖိုးနီးယား ပြည်နယ်က ဂျက်စီကာ ဒရာကီ ဆိုတဲ့ အမျိုးသမီး ဖြစ်ပြီး စနေနေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး စွပ်စွဲခဲ့ပါတယ်။
သူ့အဆိုအရ သူနဲ့ ထရမ့်တို့ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက တာဟိုး ရေကန် နယ်မြေထဲက ဂေါက်ကွင်းမှာ တွေ့ဆုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ထရမ့်က သူ့ကို ငွေပေးပြီး ကိုယ်ပိုင် ဂျက်လေယာဉ်ပေါ်မှာ လိုက်သွားဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။
“ညစာ အတူစားဖို့၊ ပျော်ပွဲစားပါတီ အတူတက်ဖို့ ဖိတ်ခဲ့တာတွေ အားလုံးကို ကျမ လက်မခံ ခဲ့ပါဘူး။ နောက်ဆုံးမှာ မင်း ဘာလိုချင်လဲ၊ ဘယ်လောက် ပေးရမလဲလို့ သူက မေးခဲ့ပါတယ်။ ကျမ အနေနဲ့ အယ်အေကို ပြန်ရမှာဖြစ်လို့ မဖြစ်နိုင်ပါဘူးလို့ ဆင်ခြေပေးခဲ့ပါတယ်။ နောက်တခါကျတော့ ကျမဆီကို ထရမ့်ကိုယ်စား အမျိုးသားတယောက်က တယ်လီဖုန်း ခေါ်ပြီး ဒေါ်လာ တသောင်း ပေးမယ်လို့ ပြောပါတယ်။ ဒါကိုလည်း ကျမ ငြင်းခဲ့ပါတယ်။” လို့ ဂျက်စီကာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုအချိန်ထိ ထရမ့်က တဖက်သတ် စော်ကားတာ ခံရဖူးတယ်ဆိုပြီ စွပ်စွဲထားတဲ့ အမျိုးသမီး ဆယ်ယောက်ထပ် မနည်း ထွက်ပေါ်လာပါတယ်။
သူတို့တွေထဲမှာ ထရမ့်က သူတို့ကို အလိုမတူဘဲ အပွတ်သပ်တာကို ခံရဖူးသူ၊ အနမ်းခံရသူ ဖူးသူတွေ ပါဝင်ပြီး အချိန်ကာလအားဖြင့် ၁၉၈၀ ပြည့်လွန်နှစ်တွေကနေ ၂၀၀၇ အထိ ပါဝင်ပါတယ်။
ရီပက်ဘလစ်ကန် ပါတီ သမ္မတလောင်း ထရမ့်ကိုယ်တိုင်ကတော့ ဒီ စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆန်ထားပါတယ်။
6 years Ago