ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သမ္မတ ရွေးကောက်ပွဲမှာ နောက်တကြိမ် သူ့ကို ဝင်ပြိုင်ခွင့်ပြုဖို့ အခြေခံဥပဒေကို ပြင်ဆင်တာမျိုး မလုပ်ဘူးလို့ ကတိပေး လိုက်ပါတယ်။
၂၀၁၈ မတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြန်ရွေးကောက်ခံမလား ဆိုတာကိုလည်း မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၇ နှစ်လုံး ရုရှားနိုင်ငံရေး အခင်းအကျင်းကို လွှမ်းမိုးထားခဲ့တဲ့ ပူတင်ဟာ အားကောင်းတဲ့ လူကြိုက်များမှုကို ရထားပါတယ်။ ရွေးကောက်ပွဲ ဆက်ဝင်ပြီး အနိုင်ရဖို့ မျှော်လင့်ခံထားရသူပါ။
ဆိုချီမြို့ ပင်လယ်နက် အပန်းဖြေစခန်းမှာ ဇူလိုင် ၂၁ ရက်နေ့က ကျောင်းသားတွေနဲ့ အမေးအဖြေ ကဏ္ဍအတွင်း ပူတင်က ခုလို ပြောလိုက်တာပါ။
ဒီပွဲဟာ လူငယ်ထုအကြား ပူတင်ကို ထောက်ခံမှု တိုးလာအောင် ပုံစံထုတ်ထားတာလို့ အကဲခတ်တွေက ဝေဖန် ပြောဆိုပါတယ်။
ပူတင်ဟာ သက္ကရာဇ် ၂၀၀၀ ကနေ ၂၀၀၈ ကြား သမ္မတ သက်တမ်း ၂ ဆက်ကို ထမ်းဆောင်ခဲ့ပါတယ်။
တတိယအကြိမ်အထိ တဆက်တည်း သမ္မတ တာဝန်ထမ်းဆောင်ခွင့် မရှိတဲ့ အခြေခံ ဥပဒေကြောင့် ဝန်ကြီးချုပ် တာဝန်ကို ပြောင်းယူခဲ့ပါတယ်။ ၂၀၁၂ ထိ ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်အပြီးမှာ ပြန်ရွေးကောက်ခံပြီး ဒီနေ့ထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အခြေခံ ဥပဒေအရ ခုတော့ စတုတ္ထသက်တမ်းကို တာဝန်ထမ်းဆောင်ဖို့ ဘောင်ဝင်နေပါတယ်။
တချို့ နိုင်ငံရေး ဝေဖန်သူတွေက ပူတင်ဟာ ပဉ္စမအကြိမ် သမ္မတ လုပ်ဖို့ အခြေခံ ဥပဒေကို ပြင်နိုင်တယ်လို့ ပြောနေကြတာပါ။ ဒီစွဲချက်ကို ပူတင်က ဇူလိုင် ၂၁ ရက်နေ့က ပယ်ချပါတယ်။
ကျောင်းသားလေးတွေကတော့ ပူတင်ကို နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မေးခွန်းတွေ မေးခဲ့ကြတာပါ။ ဘဝမှာ အရေးအကြီးဆုံး တန်ဖိုး ၃ ခုကို မေးရာမှာတော့ ပူတင်က ဘဝရပ်တည်မှု ချစ်ခြင်းမေတ္တာနဲ့ လွတ်လပ်ခြင်းလို့ ဖြေခဲ့ပါတယ်။ အလုပ်တာဝန်ကြီးလေးမှုနဲ့ ပတ်သက်ပြီး ပူတင်ဟာ အင်တာနက်ကို မသုံးဘဲ အကြံပေးတွေကိုပဲ အားကိုးတယ်လို့ ပြောခဲ့ပါတယ်။
6 years Ago