သမ္မတအိုဘားမား အမိန့်ပေး

December 10, 2016

ရုရှား၏ ကွန်ပျူတာ ဗိုင်းရပ်စ်တိုက်ခိုက်မှု စစ်ဆေးရန် သမ္မတအိုဘားမား အမိန့်ပေး

အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း ရုရှားနိုင်ငံရဲ့လက်ချက်လို့ ပြစ်တင်စွပ်စွဲထားတဲ့ ကွန်ပျူတာဗိုင်းရပ်စ်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့ သမ္မတ အိုဘားမားက အမိန့်ပေးလိုက်တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ဘီဘီစီရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီမိုကရက်တစ်ပါတီနဲ့ ပါတီရဲ့သမ္မတလောင်း ဟီလာရီကလင်တန်တို့ရဲ့ အီးမေးလ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲကာလအတွင်း ရုရှားနိုင်ငံဟာ ကိုယ့်ကိစ္စမဟုတ်ဘဲ ဖျက်လိုဖျက်ဆီးနဲ့ ဝင်ရောက်ခြယ်လှယ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက အမေရိကန်အစိုးရက ရုရှားကို တရားဝင်စွပ်စွဲခဲ့တာပါ။ စီအိုင်အေရဲ့ လျှို့ဝှက်စုံစမ်းမှုအရ ရုရှားနိုင်ငံဟာ ဒေါ်နယ်လ်ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ထောက်ပံ့ကူညီရာမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်မှ သတင်းထုတ်ပြန်ထားပါတယ်။ လာမယ့်လမှာ လက်ရှိသမ္မတအိုဘားမားရဲ့လက်မှ အိမ်ဖြူတော်ကို လွှဲပြောင်းယူမယ့် ဒေါနယ်လ်ထရမ့်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းပယ်လိုက်ပါတယ်။ “ကျနော်ဒါကို မယုံပါဘူး။ သူတို့ (ရုရှား) က ဒီလိုပါဝင်ပတ်သက်နေမယ်ဆိုတာ ကျနော်မယုံဘူး” လို့ ဒီအပတ်ထဲမှာ ထရမ့်က တိုင်းမ်မဂ္ဂဇင်းကို ပြောလိုက်ပါတယ်။ ရုရှားကို ဒီလိုစွပ်စွဲလိုက်တာက နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ သူထင်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။ ရုရှားအာဏာပိုင်တွေကလည်း ကွန်ပျူတာဗိုင်းရပ်စ်တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲမှုကို ငြင်းဆန်လိုက်ပါတယ်။
5 years Ago
Up