သမ္မတအိမ်တော်တွင်

March 16, 2017

သမ္မတအိမ်တော်တွင် ခွေးများထားခဲ့သည့် ပတ်ဂွန်ဟေး ဝေဖန်ခံရ

တောင်ကိုရီးယားခေါင်းဆောင် သမ္မတဟောင်း ပတ်ဂွတ်ဟေးဟာ သမ္မတအိမ်တော်က ထွက်ခွာချိန်မှာ သူမပိုင်ဆိုင်တဲ့ ခွေးတွေကို ထားခဲ့လို့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးသမားတွေက စွပ်စွဲပြစ်တင်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ နောက်ဆုံးမှာ သူမ သမ္မတရာထူးက နုတ်ထွက်ပေးလိုက်ရတဲ့ အကြီးအကျယ် လာဘ်စားမှုအရှုပ်တော်ပုံမှာ သံသယရှိသူတစ်ယောက်အဖြစ် မေးမြန်းရန် ဆင့်ခေါ်ခံထားရပြီး မစ္စပတ်ကို ဝေဖန်သံတွေ ညံနေတာပါ။ တရားရုံးက သူမကို စွပ်စွဲပြစ်တင်မှုအား အတည်ပြုပြီးနောက် ပြီးခဲ့တဲ့အပတ်က သူမ ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ သမ္မတရွေးကောက်ပွဲကို မေလ ၉ ရက်နေ့မှာ ကျင်းပမယ်လို့လည်း ဆိုပါတယ်။ မစ္စပတ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်ပြီး ပထမဦးဆုံးသော ရာထူးမှ ဖြုတ်ခံရတဲ့ သမ္မတလို့လည်း သိရပါတယ်။ မစ္စပတ် သမ္မတအိမ်တော်မှ ရွှေ့ပြောင်းပြီး ဆိုးလ်မြို့က လူချမ်းသာရပ်ကွက်ရှိ သူမရဲ့နေအိမ်ကို ရွှေ့သွားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် သူမရဲ့ ဂျင်ဒိုအမျိုးအစား ခွေး ၉ ကောင်ကတော့ သူမနဲ့အတူ ပါမသွားဘူးလို့ သိရပါတယ်။ ခွေးတွေကို ထားခဲ့လို့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေကို ချိုးဖောက်တာလို့ ဘူဆန်က တိရစ္ဆာန်တွေအပေါ် ကြင်ကြင်နာနာ မဆက်ဆံမှုကို ကာကွယ်ရန်အတွက် ဖွဲ့စည်းထားတဲ့ ဘူဆန်ကိုရီးယားတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ပြောလိုက်ပါတယ်။ အဲဒီအဖွဲ့နဲ့အတူ ကမ္ဘာမြေပေါ်မှာ တိရစ္ဆာန်အခွင့်အရေးတွေ ရရှိရေးဆိုတဲ့ အဖွဲ့က မစ္စပတ်ဟာ သူမရဲ့ ခွေးတွေကို စွန့်ခွာသွားတာနဲ့ ပတ်သက်ပြီး ဝေဖန်ကာ ဒီအဖွဲ့ ၂ ဖွဲ့က ခွေးတွေအတွက် အိမ်သစ်ကို ရှာဖွေနေကြတယ်လို့ သိရပါတယ်။ သမ္မတအိမ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မစ္စပတ်ဟာ ခွေးတွေကို စွန့်ထားခဲ့တာ မဟုတ်ဘူး၊ ခွေးတွေကို သူတို့ရဲ့ အိမ်ကနေ အခြားနေရာကို ရွှေ့ပစ်တာက မကောင်းတဲ့အတွက် သမ္မတအိမ်တော်မှာ ထားခဲ့တာသာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ “ခွေးတွေကို သေချာ ဂရုစိုက်ဖို့ အိမ်တော်က ဝန်ထမ်းတွေကို မှာခဲ့ပါတယ်၊ အကယ်၍လိုအပ်ရင် ခွေးတွေအတွက် ယာယီကောင်းတဲ့ အိမ်ရှာဖို့လည်း မှာခဲ့တယ်” လို့ အိမ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ မစ္စပတ်ဟာ သူမရဲ့ခွေးတွေကို အရမ်းနှစ်သက်တယ်လို့ ထင်ရှားပြီး ခွေးတွေကို “သမ္မတရဲ့ခွေးတွေ (First Dogs)” လို့တောင် ခေါ်ကြတယ်လို့ ကိုရီးယားတိုင်းမ်စ်မှာ ဖော်ပြထားပါတယ်။ မစ္စပတ်ဟာ သမ္မတအဖြစ် အာဏာလွှဲပြောင်းယူခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ သူမက အိမ်တော်ကို လက်ဆောင်ရတဲ့ ဂျင်ဒိုခွေး တစ်စုံနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ အဲ့ဒီနောက် ဒီဂျင်ဒိုခွေးအမနဲ့အထီးလေးတစ်စုံက ခွေးလေးတွေအများကြီး မွေးခဲ့ပြီး အချို့ခွေးလေးတွေကို အိမ်တော်မှာ မွေးထားပြီး အချို့ခွေးလေးတွေက အခြားသူတွေ မွေးဖို့ ယူသွားတာပါ။ ဂျင်ဒိုခွေးအမျိုးအစားက သစ္စာရှိပြီး သံယောဇဉ်ကြီးတဲ့ ခွေးအမျိုးအစားလို့ ထင်ရှားပါတယ်။
5 years Ago
Up