သမ္မတအမှု အမြန်ဆုံးဖြတ်ပေးရန်

March 2, 2017

သမ္မတအမှု အမြန်ဆုံးဖြတ်ပေးရန် တောင်ကိုရီးယားပြည်သူများ ဆက်လက်ဆန္ဒပြ (ရုပ်သံ)

အဂတိလိုက်စားမှုနဲ့ ပြစ်တင်စွပ်စွဲခံနေရတဲ့ တောင်ကိုရီးယားသမ္မတအမှုကို အခြေခံဥပဒေခုံရုံးက အမြန်ဆုံး ဆုံးဖြတ်ပေးဖို့ တောင်ကိုရီးယားပြည်သူတွေ မတ် ၁ ရက်နေ့က ဆိုလ်းမြို့တော်မှာ ဆက်လက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဒါဟာ တောင်ကိုရီးယားပြည်သူတွေ ၁၈ ည ဆက်တိုက် သမ္မတကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး လူ ၂ သိန်းကျော် မိုးထဲ လေထဲ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်၊ ဧပြီလက ကျောင်းသား ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ သင်္ဘောနစ်မြုပ်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဖဲကြိုးဝါနဲ့ ဖယောင်းတိုင်တွေ ထွန်းညှိ ကိုင်ဆောင်ပြီးတော့လည်း ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ အဂတိလိုက်စားမှုဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အခြေခံမူနဲ့ တရားမျှတမှုကို ချိုးဖောက်မှုဖြစ်လို့ သူ့ကို ခုံရုံးက ပြစ်တင်စွပ်စွဲရမှာဖြစ်တယ်လို့ ဆန္ဒပြသူတဦးက ပြောဆိုပါတယ်။ ဆန္ဒပြသူ အများအပြားဟာ တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့် THAAD ဒုံးခွင်းဒုံး ရေဒါစနစ်တပ်ဆင်ဖို့ ကိစ္စကိုလည်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဒုံးခွင်းဒုံးစနစ်ဟာ တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုလို့ တရုတ်နိုင်ငံကလည်း ပြောဆိုကန့်ကွက်နေတာပါ။ ဒီအမေရိကန်ဒုံးခွင်းဒုံးစနစ်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို တောင်ကိုရီးယားနိုင်ငံက ကာကွယ်ဖို့ထက် တရုတ်ရဲ့ ခြိမ်းခြောက်မှုကို အမေရိကန်က ကာကွယ်ဖို့ ဖြစ်နေတယ်။ တောင်ကိုရီးယားနိုင်ငံက ကြားက ဓားစာခံဖြစ်နေတာလို့လည်း ဆန္ဒပြသူတဦးက ပြောဆိုတာပါ။ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို ရာထူးက ဖယ်ရှားမလား၊ ဆက်ထားမလား ဆိုတာကို အခြေခံဥပဒေခုံရုံးက အခုလလယ်ပိုင်းလောက်မှာ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။
5 years Ago
Up